RCSS/SSAနဲ့ အစိုးရကြား ငြိမ်းချမ်းရေး သဘောတူ

ဓာတ်ပုံ မူပိုင် ap
Image caption ဒီတခါ ဆွေးနွေးပွဲမှာ နှစ်ဘက် တပ်မှူးတွေ ပါဝင်

ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြတဲ့ RCSS/SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ တို့ စနေနေ့မနက်က ကျိုင်းတုံမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး သဘောတူချက် လက်မှတ် ရေးထိုးနိုင်ခဲ့ကြပါတယ်။

မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး၊ တပ်နေရာ ချထားရေး၊ စစ်ကြောင်း သွားလာ လှုပ်ရှားရေး အပါအဝင် အချက် ၁၁ချက်ကို သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ကတည်းက နှစ်ဘက် အပစ်ရပ်ဖို့ သဘောတူခဲ့ကြပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့ ပတ်သက်လို့ အကြေအလည် ဆွေးနွေး ခဲ့ကြတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဟန်ညောင်ဝေက ဘီဘီစီကို ပြောပြပါတယ်။

ဒီတခါ ဆွေးနွေးရာမှာ နှစ်ဘက် စစ်တပ် တပ်မှူးတွေ ပါဝင် ခဲ့ကြပြီး ဆွေးနွေးပွဲ ပြီးပြီးချင်း ချက်ချင်း အပစ်ရပ်ကြမယ့် လက္ခဏာ ရှိတယ်လို့ ဆိုပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ကို ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ကတော့ ပထမဆုံး အကြိမ် ပါဝင်လာတာ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးစလုံးဟာ အသစ် ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီတွေရဲ့ ဒုတိယ ဥက္ကဌတွေ ဖြစ်ကြပါတယ်။

SSA တောင်ပိုင်း ငြိမ်းချမ်းရေး အဖွဲ့ကိုတော့ ခေါင်းဆောင် ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဦးဆောင်ပါတယ်။

ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် နှစ်ဘက် အဆင့်မြင့် ကိုယ်စားလှယ်တွေ တွေ့ဆုံတာ ဖြစ်ပေမယ့် အစိုးရရဲ့ ကော်မီတီသစ် ပြင်ဆင် ဖွဲ့ပြီးကတည်းကဆိုရင်တော့ ပထမဆုံးအကြိမ် တွေ့ကြတာ ဖြစ်ပါတယ်။