ရန်ကုန် မန္တလေး မြို့ကြီးတွေမှာ မီးပေးချိန်လျှော့

  • 21 မေ 2012
လျှပ်စစ်ဓါတ်အားပေးတိုင်တွေဖျက်ဆီးခံရ
Image caption လျှပ်စစ်ဓါတ်အားပေးတိုင်တွေဖျက်ဆီးခံရ

ရန်ကုန်မြို့လူထုကို မြို့နယ် ၃ ခုစီ ခွဲပြီး မီးကို ၆ နာရီစီ အလှည့်ကျ မေ၂၁ ရက်က စပြီး ဖြတ်တောက်မယ်လို့ ရန်ကုန်တိုင်း လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့မှ ဦးအောင်ခိုင်က ဘီဘီစီကို ပြောပါတယ်။ စက်မှုဇုန်တွေ ကိုတော့ မေလ ၁၉ ရက်နေ့က စပြီး လုံးဝဖြတ်တောက် လိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို အများပြည်သူ ဆန္ဒပြနေတဲ့ ကြားက လျှပ်စစ်ဓါတ်အား ဖြတ်တောက် ရတာကတော့ ရေကာတာတွေ ရေဝင်နည်းတာ အပြင် ရွှေလီနဲ့ မန်စီက ဓါတ်တိုင် ၄ ခု ဖေါက်ခွဲ ဖျက်ဆီး ခံရလို့ မီဂါဝပ် ၂၀၀ လောက် ဆုံးရှုံးသွားတယ်လို့ ပြောပါတယ်။

စက်မှုဇုံတွေကို လုံးဝ ဖြတ်တောက်ရတာကတော့ သူတို့မှာ မီးအားပေးစက်တွေ ရှိပြီး လူထုမှာ မီးစက်မပြည့်စုံလို့ ဦးစားပေးတဲ့ သဘောနဲ့ အလှည့်ကျ ဖြတ်တာလို့ ဆိုပါတယ်။

လျှပ်စစ်ဓါတ်အား ပုံမှန်မရလို့ ကုန်ကျစရိတ် ကြီးလာတဲ့ အတွက် ကုန်ပစ္စည်း ထုတ်လုပ်မှုကို လျှော့ပြီး လိုအပ် သလောက်ဘဲ ထုတ်ကြတာတွေ ရှိကြောင်း၊ အဲဒါကြောင့် လုပ်ငန်းရှင်ကြီး တွေ အနေနဲ့ကတော့ အမြတ်အစွန်း လျော့နည်းတာ လောက်ဘဲဖြစ်ပြီး၊ အသေးစား လုပ်ငန်းရှင်တွေနဲ့ ပြည်သူပဲ ဒုက္ခ ရောက်ရတယ်လို့ လှိုင်သာယာ စက်မှုဇုံ စီမံခန့်ခွဲရေး ကော်မီတီ ဥက္ကဌ ဦးမြတ်သင်းအောင် က ဘီဘီစီကို ပြောပါတယ်။

မန္တလေးမြို့မှာလည်း ပုံမှန် မီးရရှိရေး အတွက် ဆန္ဒပြမှု ဆက်တိုက်ဖြစ်နေတဲ့ အတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦး ကိုယ်တိုင် မန္တလေး တိုင်းရုံးမှာ သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။