ကြားဖြတ်ရွေးကောက်ပွဲဝင်တွေကို ကော်မရှင်ခေါ်တွေ့

ဓာတ်ပုံ မူပိုင် Reuters
Image caption ပါတီ တချို့က ပေးပို့ထားခဲ့တဲ့ အတွေ့အကြုံ တွေကို ကော်မရှင်က ခေါ်ရှင်းပြ

ကြားဖြတ် ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီ ၁၇ ပါတီနဲ့ တသီးပုဂ္ဂလ ဝင်ပြိုင်သူတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အင်္ဂါနေ့က နေပြည်တော်မှာ ခေါ်တွေ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ မဲစာရင်း အတိအကျ မရှိတာနဲ့ မဲဆွယ်ကာလ ဥပဒေ ကျော်လွန် စည်းရုံးခဲ့တာတွေ စတဲ့ အတွေ့အကြုံ သဘောထားတွေကို ပါတီတချို့က တင်ပြထားတဲ့နဲ့ ပတ်သက်ပြီး ကော်မရှင်က ခေါ်ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

မဲစာရင်း အတိအကျ မရှိတာနဲ့ ပတ်သက်လို့ ကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲမှာလို ကြိုတင် မဲပြဿနာ မဖြစ်အောင် အာရုံစိုက်ခဲ့လို့ မဲစာရင်း ကိစ္စ လစ်ဟင်းခဲ့ရတယ်လို့ ပြောပါတယ်။

နောက်ပြီး ကိုယ်ပိုင်ဝန်ထမ်း မရှိတာတွေလည်း ရှိခဲ့တာကြောင့် ၂၀၁၅ မှာ အခုလို မဖြစ်အောင် ကိုပိုင် ဝန်ထမ်းရရှိရေး ဆောင်ရွက်နေတယ်လို့ ရှင်းလင်း ပြောကြားခဲ့ကြောင်း ကော်မရှင်ကို သွားတွေ့ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဒုဥက္ကဌ ဦးစိုးဝင်းက ပြောပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲဟာ အလွန်အကျွံ လွတ်လပ်ခဲ့ပြီး မျှတမှု မရှိခဲ့ဘူးလို့ ကော်မရှင်က ပြောကြောင်း ဦးစိုးဝင်းကပြောပါတယ်။ ဆိုလိုတာကတော့ ရွေးကောက်ပွဲ စည်းရုံးရာမှာ ဆန္ဒပြပွဲလို ဖြစ်နေ တာတွေကို ရည်ညွှန်းတယ်လို့ ယူဆကြောင်း သူကဆိုပါတယ်။

မျှတမှုမရှိဘူး ဆိုတာကတော့ တချို့ပါတီကြီးတွေဟာ ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ ထောင်နဲ့ချီပြီး အသုံးပြုခဲ့တာကြောင့် ပါတီငယ်တွေ အနေနဲ့ လမ်းသွားဖို့တောင် မလွယ်တဲ့ အခြေအနေမျိုးတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ မကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဘယ်တော့ ပြန်ကျင်းပမယ် ဆိုတာကိုတော့ ဘာမှ ပြောဆိုခြင်း မရှိဘူးလို့လည်း သိရပါတယ်။