ဒေါက်တာ ဦးမြင့်ရဲ့ အိတ်ဖွင့်ပေးစာအပေါ် သတင်းစာရှင်းပွဲလုပ်

ဓာတ်ပုံ မူပိုင် burmese
Image caption သမ္မတ ဦးသိန်းစိန်နဲ့ စီးပွားရေး အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ ဦးမြင့်

ရန်ကုန် တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာ ပြန်လည် တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့် ပေးစာ ဆိုတဲ့ စာတစောင်ကို မေလ ၁၉ရက် နေ့စွဲနဲ့ သမ္မတရဲ့ စီးပွားရေး အကြံပေး ပုဂ္ဂိုလ် ဦးမြင့် ရေးသား တင်ပြခဲ့တာနဲ့ ပတ်သက်လို့ ကြာသပတေးနေ့ မနက်က သမ္မတ အကြံပေး အဖွဲ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

နိုင်ငံရေး အကြံပေးပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ဦးကိုကိုလှိုင်နဲ့ ဒေါက်တာ နေဇင်လတ်တို့က ဒေါက်တာ ဦးမြင့်ရဲ့ အိတ်ဖွင့် ပေးစာပါ အချက်တွေဟာ သမ္မတရုံးရဲ့ သဘောထားတွေ မဟုတ်ကြောင်းကို အချက် ၁၃ချက်ပါ ထုတ်ပြန်ချက်နဲ့ သတင်းထောက်တွေကို ရှင်းလင်း ပြောပြသွားခဲ့ပါတယ်။

ဒါပေမယ့် ရန်ကုန် တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာ ပြန်လည်ထွန်းပြောင်လာစေရေးကို ဒေါက်တာဦးမြင့်နဲ့ ကျောင်းသား ကျောင်းသူ အဟောင်း အသစ်တွေ၊ ဆရာ ဆရာမ အဟောင်း အသစ်တွေ လိုလားတောင့်တ ကြသလို အစိုးရကလည်း အထူးလိုလား ဆန္ဒရှိကြောင်းနဲ့ ရန်ကုန် တက္ကသိုလ်သာမက တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်အားလုံးကို နိုင်ငံတကာအဆင့်နဲ့ ရင်ဘောင်တန်းနိုင်တဲ့တက္ကသိုလ်တွေ ဖြစ်လာစေလိုတဲ့ ဆန္ဒရှိကြောင်း အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒေါက်တာဦးမြင့်ရဲ့ အိတ်ဖွင့်ပေးစာဟာ သူ့ပုဂ္ဂလိက ဆန္ဒအလျောက် ရေးသားခဲ့တာသာ ဖြစ်ပြီး နိုင်ငံတော် သမ္မတရုံးအနေနဲ့ ကြိုတင် သိရှိခြင်း မရှိသလို နိုင်ငံတော်သမ္မတရုံးရဲ့ သဘောထား တစ်စုံတရာ ထင်ဟပ်ခြင်းလည်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါက်တာ ဦးမြင့်ရဲ့ အိတ်ဖွင့်ပေးစာအကြောင်း အဓိကထား ရှင်းလင်း ပြောသွားတာ ဖြစ်ပေမယ့် ခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ လျှပ်စစ်မီး ရရေး တောင်းဆို ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ အမေးတွေ ကို ပြန်လည် ဖြေကြားစဉ်မှာ သမ္မတ အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင်က မကြာခင် မိုးစရွာ တော့မှာမို့ လျှပ်စစ်မီးကိစ္စ ပြေလည်သွားတော့မှာ ဖြစ်ကြောင်း၊ လောလောဆယ်မှာ ပြည်သူတွေအနေနဲ့ ဖယောင်းတိုင်ထွန်းပြီး လျှပ်စစ်မီး ခြိုးခြံသင့်သလို ဆန္ဒပြသူတွေအနေနဲ့ လည်း ဥပဒေနဲ့ အညီ ဆန္ဒပြသင့်ကြောင်း ပြောသွားပါတယ်။

အိတ်ဖွင့်ပေးစာ ရေးသားခဲ့သူ ဒေါက်တာဦးမြင့် ကိုယ်တိုင်ကတော့ နေပြည်တော်မှာ ရောက်နေတဲ့အတွက် အဲဒီ သတင်းစာ ရှင်းလင်းပွဲကို မတက်ရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။