လျှပ်စစ်မီး ပုံမှန်ရရေး ဆက်လက် ဆန္ဒပြ

  • 24 မေ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ရန်ကုန်မှာ အဖမ်းအဆီးမရှိပေမယ့် တခြား ဒေသတွေမှာ ခေါ်ယူ စစ်ဆေးမှုတွေရှိ

လျှပ်စစ်မီး ပုံမှန်ရရှိရေး အတွက် ရန်ကုန် ဆူးလေဘုရားမှာ လူတရာလောက်ဟာ တတိယမြောက်ည အဖြစ် ဖယောင်းတိုင်တွေ ထွန်းပြီး ဆန္ဒပြဖေါ်ထုတ် ခဲ့ကြပါတယ်။ တာဝန်ရှိသူ လုံခြုံရေး တွေက အရင်ညတွေ လိုပဲ ထိန်းထိန်းသိမ်းသိမ်း နဲ့ တားဆီး ဆောက်ရွက်ခဲ့ သလို၊ မီဒီယာတွေ ကလည်း လာရောက် သတင်း ယူခဲ့ကြပါတယ်။

လျှပ်စစ်မီး ပုံမှန်ရရှိရေး တောင်းဆို ဆန္ဒပြခဲ့တဲ့ ပြည်မြို့က တက်ကြွလှုပ်ရှားသူတွေကိုတော့ ကြာသပတေးနေ့ မနက်မှာ နယ်မြေခံ ရဲတပ်ဖွဲ့က ရိုက်နှက်ပြီး၊ ဆန္ဒပြသူတွေထဲက ၆ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းပြီးတဲ့နောက် သူတို့ကို ပြည် ထောင်ကြီးချုပ်ကို တခါတည်း ပို့လိုက်တဲ့အတွက် ဒေသခံ လူ ၁ ထောင်နီးပါးက ပြည် ထောင်ရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဒီလို ဆန္ဒပြတာကြောင့် ဒေသခံအာဏာပိုင်က ဖမ်းထားသူ ၆ယောက်ကို အာမခံပေးပြီး ပြန်လွှတ်လိုက်ပေမယ့် အခွင့် မရှိဘဲ စုဝေးဆန္ဒပြမှုနဲ့ တရားစွဲ လိုက်တယ်လို့သိရပါတယ်။

တရားစွဲခံရတဲ့ ၆ ယောက်ကတော့ ကိုကျော်ဆွေ၊ ကိုဝင်းလှိုင်၊ ကိုဇော်ထွန်း၊ ကိုအောင်မျိုးကျော်၊ ကိုကို နဲ့ မဂျူးဂျူးတို့ ဖြစ်တယ်လို့သိရပါတယ်။

အဖမ်းဆီးခံခဲ့ရတဲ့ ဒီ ၆ ဦးကနေ သူတို့ကို ရိုက်နှက်သူတွေနဲ့ မတရား ဖမ်းဆီးသူတွေကို၊ အရေးယူပေးဖို့ ရဲစခန်းမှာ အမှုဖွင့်တဲ့အခါ ရဲစခန်းက အမှုဖွင့်မပေးဘဲ မှတ်တမ်း အနေနဲ့ပဲ ယူထား လိုက်တာကြောင့် တရားရုံးမှာ ဦးတိုက် လျှောက်ထား တိုင်ကြားရမယ်လို့ ရှေ့နေ ဦးမြင့်အေးက ပြောပါတယ်။

မန္တလေးမှာလည်း လျှပ်စစ်မီးရရှိရေး တောင်းဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး လူ ၂၀ နီးပါးကို ကြာသပတေးနေ့မှာ ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ကြာသပတေး မနက်က မန္တလေး လမ်း ၇၀ ၂၆ လမ်းကျုံးထောင့်မှာ ပြည်သူတွေ လက်ရှိ ခံစားနေရတဲ့ လျှပ်စစ်မီး အခြေအနေကို သရုပ်ဖေါ် ပြသခဲ့တဲ့ မလေးရှား ပညာရှင် ၅ ယောက် အပါအဝင် ပညာရှင် ၁၁ ဦးကို အထူးသတင်း တပ်ဖွဲ့က ခေါ်ယူမေးမြန်းပြီးနောက် ပြန်လွှတ် ပေးခဲ့ပါတယ်။

ညပိုင်း ဆန္ဒထုတ်ဖေါ်တဲ့ထဲမှာ ပါဝင်တဲ့ အန်အယ်လ်ဒီ ပါတီဝင် ဦးတင့်ဆွေ အပါအဝင် ၆ ဦးကိုလည်း အထူးသတင်း တပ်ဖွဲ့က ခေါ်ယူ မေးမြန်းခဲ့သေးတယ်လို့ စစ်ဆေးခံရသူတွေက ပြောပါတယ်။