အိန္ဒိယ ဝန်ကြီးချုပ်ရဲ့ မြန်မာခရီး

  • 25 မေ 2012
_bbc_mmhs_ ဓာတ်ပုံ မူပိုင် bbc
Image caption ဝန်ကြီးချုပ် မန်မိုဟန်ဆင်း

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟာဆင်း ဟာ မေလ ၂၇ ရက်နေ့ မှာ မြန်မာနိုင်ငံ ကို တရားဝင် ခရီးစဉ် အဖြစ် စတင်မှာနဲ့ ပတ်သက်ပြီး အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပါတယ်။ ခရီးစဉ် ရဲ့ ရည်ရွယ်ချက်က စီးပွားရေး နဲ့ ကုန်သွယ်ရေး တိုးမြှင့်ဖို့ ဖြစ်ပါတယ် လို့ ဒေလီ ဘီဘီစီရုံးခွဲမှ သတင်းထောက် က ပြောပါတယ်။

အိန္ဒိယဟာ အရင် ကတည်းက စစ်အစိုးရ အဆက်ဆက် နဲ့ ပြေလည်တဲ့ ဆက်ဆံရေး တွေ ထားခဲ့သလို အခုလို မြန်မာနိုင်ငံ ပွင့်လင်း လာရာမှာလည်း ဒီအခွင့်အရေး ကို လက်လွတ် မခံနိုင်ပါဘူး။ လောလောဆယ် နှစ်နိုင်ငံ ကုန်သွယ်မှု အနေအထား အရလည်း အမေရိကန် ဒေါ်လာ သန်း နှစ်ထောင် အနက် မြန်မာဘက်က ဒေါ်လာ သန်း ကိုးရာနဲ့ အသာရနေတာ ဖြစ်ပါတယ်။

စီးပွားရေး ပိုင်းမှာ တရုတ် အစိုးရ သြဇာ ကို မယှဉ်နိုင်ပေမယ့် အိန္ဒိယ ရဲ့ အားသာချက်က ယဉ်ကျေးမှု အရ ဆက်စပ်မှု ရှိပါတယ်။ သူတို့ဘက် က ကမ်းလှမ်းမယ့် အထဲမှာ ရှေးဟောင်း စေတီပုထိုးတွေ ပြင်ဆင်ပေးရေး နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကို သင်တန်းပေးရေး အစီအစဉ် တွေ ပါဝင်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟာဆင်း ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ လည်း သွားရောက်တွေ့ဆုံ မှာဖြစ်ပြီး အိန္ဒိယ ကိုလည်း ဖိတ်ခေါ် ဖို့ ရှိကြောင်းလည်း ဒေလီ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။ အိန္ဒိယ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သြဇာ နဲ့ အရှိန်အဝါ ကို အသိအမှတ် ပြုတဲ့ အပိုင်းလည်း ပြလိုသလို မြန်မာ အစိုးရ နဲ့ လည်း ပြေလည်မှု ရှိကြောင်းလည်း ပြချင်ပါတယ်။ ဒီနည်းနဲ့ ဆက်ဆံရေး ချိန်ခွင်ညှာ ဘက်မျှအောင် ပြသလိုတဲ့ အသွင်ဆောင်စေ ပါတယ်။