SSA နဲ့ အစိုးရ တိုက်ပွဲ ပြန်ဖြစ်

  • 25 မေ 2012
SSA ဓာတ်ပုံ မူပိုင် SSA
Image caption SSA ရှေ့တန်း စစ်မျက်နှာ တခု

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) ဟာ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နဲ့ ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေးပြီး ရက်ပိုင်းအတွင်း မှာပဲ အစိုးရ စစ်တပ်နဲ့ ပစ်ခတ်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့တယ်လို့ သတင်း ရရှိပါတယ်။ RCSS/SSA ဟာ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နဲ့ ဒုတိယ အကြိမ် ပြည်ထောင်စု အဆင့် သဘောတူ လက်မှတ်ထိုးပြီးတာ တပတ်ပဲ ရှိပါသေးတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ နေရာကတော့ ရှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင် မြို့နယ်ခွဲမှာပဲ ဖြစ်ပါတယ်။

SSA ဘက်က ပြောတာကတော့ အစိုးရ စစ်တပ်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ သဘောတူ ဆုံးဖြတ်ထားတဲ့ အချက်ကို မလိုက်နာပဲ SSA နယ်မြေထဲကို အကြောင်း မကြားပဲ ဝင်ရောက် လှုပ်ရှားသလို လက်နက်ပါ ကိုင်ဆောင်ပြီး ဝင်လာတာကြောင့် ပစ်ခတ်မှု ဖြစ်ပွားရတာလို့ SSA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

တိုက်ပွဲက ပြီးခဲ့တဲ့ကြာသပတေးနေ့ ၂၃ ရက်နေ့ မနက် ၁၁ နာရီကနေ ၁၂ နာရီအထိ တနာရီ နီးပါး ဖြစ်ပွားခဲ့တယ် ဆိုပေမယ့် နှစ်ဦး နှစ်ဖက်စလုံး ထိခိုက် ဒဏ်ရာရရှိတာ မရှိဘူးလို့ သိရပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားရတာဟာ တပ်ဖွဲ့ အချင်းချင်း နားလည်မှု လွဲပြီး အစိုးရဘက်က အောက်ခြေ တပ်သားတွေအထိ ထိရောက်အောင် မညွန်ကြားနိုင်လို့ အခုလို ပစ်ခတ်မှုတွေ ဆက်ဖြစ်ပွားနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် နောင်ပစ်ခတ်မှု မဖြစ်အောင် အစိုးရဘက်ကနေ ယူထားတဲ့ သဘောတူညီချက် တွေနဲ့ ပက်သက်ပြီး အောက်ခြေတပ်သားတွေကို နားလည်အောင် ရှင်းလင်း ညွန်ကြား သင့်တယ်လို့ စိုင်းလောဝ်ဆိုင်က ပြောပါတယ်။ RCSS/SSA ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးခဲ့တာ ၃ ကြိမ်ရှိခဲ့ပြီ ဖြစ်ပြီး နောက်ဆုံး တွေ့ဆုံမှုကတော့ ပြီးခဲ့တဲ့ စနေနေ့ မေလ ၁၉ ရက်နေ့ က ရှမ်းပြည် အရှေ့ပိုင်းမှာ ကျိုင်းတုံမှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။