လျှပ်စစ်မီးရရေး ပုံစံတမျိုးနဲ့ ဆက်ဆန္ဒ ထုတ်ဖေါ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆူးလေဘုရားရှေ့ ဖယောင်းတိုင်ထွန်း စီတန်း လှည့်လည်မှုတွေ ဆက်လုပ်ခဲ့ကြ

မြန်မာနိုင်ငံတဝှမ်းမှာ လျှပ်စစ်မီးရရေး ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖေါ် တောင်းဆိုမှုတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက စလို့ လုပ်ခဲ့ရာမှာ စနေနေ့မှာလည်း ရန်ကုန်မြို့ ဆူးလေဘုရားရှေ့မှာ ဖယောင်းတိုင်ထွန်း စီတန်း လှည့်လှည် ဆန္ဒထုတ်ဖေါ် ခဲ့ကြပါတယ်။

တောင်းဆိုထားတဲ့ ရလဒ်တွေ မရမချင်း ဆက်လက် ဆန္ဒ ထုတ်ဖေါ်သွားမယ်လို့ ဒီလှုပ်ရှားမှုတွေကို စီစဉ်သူတဦး ဖြစ်တဲ့ ဒေါ်နော်အုန်းလှက ဘီဘီစီကို ပြောပါတယ်။

တခါ အဲဒီလို ဆန္ဒ ထုတ်ဖေါ်တဲ့ နေရာတွေဆီ မသွားနိုင်သူတွေကလည်း ကိုယ့်အိမ် အပြင်ဘက်မှာ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒ ထုတ်ဖေါ်တာမျိုးတွေ လုပ်ခဲ့ကြပါတယ်။

ဆူးလေဘုရားရှေ့ ဆန္ဒပြချိန် ဖြစ်တဲ့ ညနေပိုင်း အချိန်တွေမှာ စားဝတ်နေရေးအတွက် စျေးရောင်းနေရတာမို့ စီတန်း လှည့်လှည် ဆန္ဒပြမှုတွေမှာ မပါဝင်နိုင်တဲ့အတွက် အခုလို ကိုယ့်အိမ်အပြင်ဘက်မှာ ဖယောင်းတိုင်ထွန်း ဆန္ဒ ထုတ်ဖေါ် ရတာလို့ မင်္ဂလာတောင်ညွန့် မြို့နယ်က စျေးသည်တဦးက ဘီဘီစီကို ပြောပါတယ်။

ပုသိမ်မြို့မှာလည်း လျှပ်စစ်မီးရရေးအတွက် လူ ၅၀လောက် လျှပ်စစ်ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြ တယ်လို့ သိရပါတယ်။

ခွင့်ပြုချက် မရှိပဲ လူစုလူဝေးနဲ့ ဆန္ဒပြခဲ့မှုနဲ့ လူ၆ဦး တရားစွဲခံခဲ့ရတဲ့ ပြည်မြို့မှာတော့ ဒီကနေ့ ဆန္ဒပြမှုတွေ မရှိခဲ့သလို မန္တလေးမြို့မှာလည်း ဆန္ဒပြမှုတွေ မရှိဘူးလို့ သိရပါတယ်။