နောက်ဆုံး ရေးသားချိန် 26 မေလ 2012 - 16:34 GMT

အိန္ဒိယဝန်ကြီးချုပ် မြန်မာခရီးစဉ် တင်ကြိုသုံးသပ်

မြန်မာကို အရှေ့တောင်အာရှနဲ့ ဆက်သွယ်တဲ့ လမ်းကြောင်းတခု အဖြစ် အိန္ဒိယမြင်

အိန္ဒိယဝန်ကြီးချုပ် မန်မွန်ဟန်ဆင်းဟာ ဝန်ကြီးချုပ် တဦး အနေနဲ့ ၂၅ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် မနက်ဖြန် တနင်္ဂနွေ နေ့မှာ မြန်မာ နိုင်ငံကို ရောက်ရှိ လာတော့မှာ ဖြစ်ရာ ဒီခရီးစဉ်ဟာ တရုတ်ရဲ့ မြန်မာ အပေါ် လွှမ်းမိုးမှုကို လျှော့ချဖို့ ကြိုးပမ်းမှု တခုလား ဆိုတာ မေးစရာ ဖြစ်နေပါတယ်။

အိန္ဒိယ မြန်မာ နယ်စပ် အခြေအနေကို ကြည့်မယ်ဆိုရင် တမူး၊ မိုးရေး ဒေသတွေမှာ လမ်းတွေချဲ့၊ အဆောက်အဦး အသစ်တွေ ဆောက်နေကြတဲ့ အလုပ် သမားတွေကို တွေ့နိုင်ပါတယ်။ ဒီနေရာကို အိန္ဒိယ အစိုးရက မြန်မာနဲ့ နယ်စပ် ကုန်သွယ်ရေး အဓိက ထွက်ပေါက် အဖြစ် အသွင်ပြောင်းချင် နေတာပါ။

နယ်စပ် တဖက်မှာ အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့တွေ စောင့်ကြပ်နေပြီး နောက်တဖက်မှာ မြန်မာလုံခြုံရေးတွေ ရှိနေပါတယ်။ အိန္ဒိယရဲ့အဓိက ပြိုင်ဖက်ဖြစ်တဲ့ တရုတ်နိုင်ငံသား တွေလည်း ဒီနယ်စပ်မှာ ရောက်နေ ကြပါပြီ။

ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ တရုတ်နိုင်ငံရဲ လွှမ်းမိုးမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယ အနေနဲ့လည်း အားသာချက်တွေ ရှိနေပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံ အမတ်ကြီးဟောင်းဖြစ်တဲ့ Rajiv Bhatia က ပြောပါတယ်။

အိန္ဒိယဟာ မြန်မာနဲ့ အခု လို သမိုင်းနဲ့ချီ ဆက်ဆံခဲ့တယ် ဆိုတာမှန်ပေမယ့် တကယ်တမ်း တရုတ်နဲ့ စီးပွားရေးအရ ယှဉ်ပြိုင်ဖို့ဆိုတာ သိပ်တော့မလွယ် လှပါဘူး။

အကြောင်းကတော့ မဏိပူရ ပြည်နယ်မြို့တော်မှာ ရှိတဲ့ ပွန်နာဘဇာ စျေးတခုလုံး လိုလိုမှာ တရုတ်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တွေနဲ့ ပြည့်နေပြီး တရုတ်ပစ္စည်းတွေက ပိုအရောင်းသွက်လို့ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ စီးပွားရေး အရ ပိုအားကောင်းသလို ကုန်ပစ္စည်းတွေကို စျေးပေါပေါနဲ့ ထုတ်လုပ်နိုင်တာ ဟာလည်း အိန္ဒိယထက် အားသာတဲ့ အချက်ပါ။

အိန္ဒိယ အနေနဲ့ တရုတ်နဲ့ယှဉ် ပြိုင်နိုင်ဖို့ မလွယ်ပေမယ့် မြန်မာကို အရှေ့တောင်အာရှနဲ့ ဆက်သွယ်တဲ့ လမ်းကြောင်းတခု အဖြစ် မြင်နေတဲ့ အိန္ဒိယအဖို့ ဖြစ်တဲ့နည်းနဲ့ ထိုးဖောက်ဖို့ ကြိုးစားလိမ့်မယ် ဆိုတာကို ဝန်ကြီးချုပ် မာမိုဟန်ဆင်းရဲ့ ခရီးစဉ်က သက်သေခံနေကြောင်း ဘီဘီစီ သတင်းထောက် ဆန်ဂျွိုင်းမဂျွန်ဒါက မိုရေးမြို့ကနေ သတင်း ပေးပို့ထားပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။