မှော်ဘီ သံမဏိစက်ရုံမှာ အစာငတ်ခံ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြနေသူ အလုပ်သမား(၆၀ဝ) နီးပါးကို ရွှေညဝါ ဆရာတော်က ထမင်းကြွေးထား

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ သံမဏိစက်ရုံမှာ အလုပ်သမားတွေ ရာနဲ့ချီ ဆန္ဒပြနေကြပြီး အလုပ်သမား လေးဆယ် ကျော်ကတော့ သူတို့ အခွင့်အရေးတွေရဖို့ အစာငတ်ခံ တောင်းဆိုနေကြပါတယ်။

တပတ်ကြာနေပြီဖြစ်တဲ့ ဆန္ဒပြတောင်းဆိုမှုတွေ ကနေ၊ မနေ့ သောကြာနေ့မှာတော့ အစာအငတ်ခံ ဆန္ဒပြတဲ့ အဆင့်အထိရောက်ရှိခဲ့ပြီး၊ ဒီကနေ့ စနေနေ့မှာလည်း အလုပ်သမား(၄၁) ဦး ဆန္ဒ ဆက်ပြနေပါတယ်။

ပြည်ကြီး တရုတ်လူမျိုးပိုင် သံမဏိစက်ရုံ အလုပ်သမားတွေဟာ နေစားခ(၁၆၀)သာ ရတဲ့ အပေါ် မကျေနပ်လို့ လခတိုး ရဖို့ ဆန္ဒပြ တောင်းဆိုနေတာ တပတ်ပြည့် သွားပြီ ဖြစ်ပေမယ့် ဘာမှ မထူးခြားတာကြောင့် အစာအငတ်ခံ ဆန္ဒပြတဲ့ အထိ ဖြစ်လာရတာလို့ အလုပ်သမား တွေကို ကူညီပေးနေသူ ကိုဇေယျာထွန်းက ဘီဘီစီကို ပြောပါတယ်။

အလုပ်ရှင်ဖြစ်တဲ့ တရုပ်အမျိုးသား ဦးရှောက်ကန် ကတော့ အလုပ်သမားတွေကို အတွေ့မခံဘဲ ကိုယ်စားလှယ် အဖြစ် အငြိမ်းစား ဗိုလ်မှူးဦးမြင့်ဆွေကို လွှဲထားတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အလုပ်သမားတွေ တောင်းဆိုမှုကို ဘာတခုမှ ဆောင်ရွက်ပေးတာ မရှိတဲ့ အပြင် အလုပ်သမား(၃၀ဝ) ကျော်ကို အလုပ်ကနေ ဒီကနေ့ ထုတ်လိုက်တယ်ဆိုတဲ့ နာမည် စာရင်းတွေကို စက်ရုံ နံရံတွေမှာ ကပ်ထားတယ်လို့ ပြောပါတယ်။

ဆန္ဒပြနေသူ အလုပ်သမား(၆၀ဝ) နီးပါးကို ရွှေညဝါ ဆရာတော်ဘုရားက နေ့ည ထမင်းကြွေး ထားပြီး ကျန်တဲ့ အဖွဲ့အစည်းတွေ ကလည်း အကူအညီပေး နေတယ်လို့သိရပါတယ်။

အလုပ်သမားတွေ ကတော့ တောင်းဆိုချက် မရမခြင်း ဆက်ပြီး ဆန္ဒပြမယ်လို့ ဆိုပါတယ်။