ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပေါ် မျှော်လင့်ချက်တွေများ

  • 28 မေ 2012
Aung San Suu Kyi ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒေါ်အောင်ဆန်းစုကြည် ဟာ ထိုင်း နိုင်ငံရောက် မြန်မာ တွေနဲ့လည်း တွေ့ဖို့ရှိ

၁၉၈၈ ခုနှစ်ကပြီး ၂၄ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြည်ပထွက်တဲ့ ခရီးဟာ ထိုင်းနိုင်ငံ ဖြစ်နေလို့ ထိုင်း နိုင်ငံ အတွက် ဂုဏ်ယူ ရတဲ့ အပြင် ဒုက္ခသည် တွေ အပါအဝင် ထိုင်းရောက် မြန်မာတွေ အတွက်လည်း အကျိုးများပါ တယ်လို့ ဘန်ကောက် အခြေစိုက် သည် နေရှင်း သတင်းစာရဲ့ အကြီးတန်း သတင်းထောက် ဆူပါလတ် ကန်ဂျနာခွန်ဒီ က သုံးသပ်ပါတယ်။

ထိုင်းနိုင်ငံ အပါအဝင် အာဆီယံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ ရေး လှုပ်ရှားမှု တွေမှာ ထောက်ခံမှု ပြုတာ နောက်ကျလို့ ဝေဖန်ခံခဲ့ ရပေမယ့် အခုတော့ မြန်မာ့ နိုင်ငံရေး ပုံစံက ပြောင်းသွားပြီမို့ အာဆီယံ အနေနဲ့ လွှတ်တော်အမတ် ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံ မယ်ဆိုရင် အခုအချိန်မှာ အဲဒီ အခွင့်အရေး ရှိနေပြီလို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ရုံတင် မကဘဲ မြန်မာနိုင်ငံ က ဒုက္ခသည် အရေး ကိစ္စတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ ဖြစ်နေတဲ့ ပြဿနာ တွေကို ကူညီ ညှိနှိုင်း ပေးတဲ့ နိုင်ငံ အနေနဲ့ ဆောင်ရွက် နိုင်တာတွေ ရှိပါတယ် လို့ နေရှင်း သတင်းထောက် က သုံးသပ် ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဉက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ကမ္ဘာ့မှာ ဒီမိုကရေစီ ခေါင်းဆောင် အဖြစ် ထင်ရှားပေမယ့် စီးပွားရေး ပညာရှင် တဉီးမဟုတ် တာကြောင့် သူ့ကို World Economics Forum ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပါဝင်ဟောပြောခြင်းအား ဖြင့် ဒေသတွင်းအတွက် ဘာတွေအကျိုးဆောင်ပေးနိုင်မလဲ လို့ မေးတဲ့အခါမှာတော့ ဆူပါလတ်က၊

" စီးပွားရေး ပညာရှင် ဟုတ်ဟုတ် မဟုတ်ဟုတ် သူဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး အတွက်တော့ ထင်ရှားတဲ့ ခေါင်းဆောင် တယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အဲဒီ အစွမ်းအစကို ကမ္ဘာ့ စီးပွားရေး ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း တွေ ဆုံကြမယ့် ဒီဖိုရမ်မှာ ကောင်းကောင်း အသုံးချနိုင် မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး အကြောင်းတွေ ပြောနေစရာ လည်းမလိုပါဘူး" လို့ဖြေ ပါတယ်။

အရင်က မြန်မာနိုင်ငံကို မသွားချင်ကြသူ တွေဟာ အခုတော့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင် နေတာမို့ ဒီ ရင်းနှီးမြှုပ်နှံမှု တွေကနေ အစိုးရ လူကြီး တချို့နဲ့ ချမ်းသာသူ တချို့ပဲ ကောင်းစား သွားတာမျိုး မဟုတ်ဘဲ ဆင်းရဲ သူတွေ အကျိုး ခံစားခွင့် ရအောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စွမ်းဆောင်နိုင်လိမ့် မယ်လို့ ထင်ကြောင်း လည်း သည်နေးရှင်း အကြီးတန်း သတင်းထောက် ကဆိုပါတယ်။

စီးပွားရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်တာမို့ သမ္မတ ဉီးသိန်းစိန်က မတက်ရောက်တော့ ဘူးလို့ ထွက်လာတဲ့သတင်းတွေ အပေါ်ကိုတော့ သူက မှတ်ချက်မပြုဘဲ သူသိ တာကတော့ သမ္မတ ဉီးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ မတူညီတဲ့ အကြောင်းနဲ့ ဉီးသိန်းစိန်ဟာ နိုင်ငံ့ ခေါင်းဆောင် အနေနဲ့ ထိုင်းနိုင်ငံကို သီးခြား လာလည်ပတ်ဖို့ ရှိတာကိုတော့ သိတဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။