မဲဆောက်ကို ဒေါ်အောင်ဆန်းစုကြည်သွားဖို့ရှိ

  • 28 မေ 2012
_burmese_refugee_maesot_
Image caption မဲဆောက် မြန်မာ ဒုက္ခသည်များ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ကျင်းပ မယ့် ကမ္ဘာ့ စီးပွားရေး နှီးနှော ဖလှယ်ပွဲ World Economic Forom ကို ပထမဆုံး ပြည်ပခရီးစဉ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လာရောက် တက်ယင်း ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည်စခန်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ လူမျိုးစု ခေါင်းဆောင် တွေနဲ့ ပါ တွေ့ဖို့ရှိကြောင်း သိရပါတယ်။

ကေအာစီ ကရင်ဒုက္ခသည် ရေးရာ ကော်မတီ ဉက္ကဌ စောရောဘတ်ထွေး က ပညာရေး နဲ့ ကျန်းမာရေး တာဝန်ခံတွေ၊ လူမျိုးစု ခေါင်းဆောင်တွေ နဲ့ပါ ဒေါ်အောင်ဆန်းစုကြည် လာရောက် တွေ့ဖို့ ရှိကြောင်း ဘီဘီစီ ကိုပြောပါတယ်။

လူမျိုးစု ခေါင်းဆောင်တွေ နဲ့ တွေ့ရာမှာလည်း ALP အာရကန် လွတ်မြောက်ရေး ပါတီ ဒုတိယ ဉက္ကဌ ခိုင်စိုးနိုင်အောင် အပါအဝင် လူမျိုးစု ခေါင်းဆောင် ဆယ်ဉီး နဲ့ တွေ့မယ့် အကြောင်း ခိုင်စိုးနိုင်အောင် က ဘီဘီစီ ကိုပြောပါတယ်။

တွေ့ခွင့်ရတဲ့ အခါမှာ တိုင်းရင်းသား တွေရဲ့ ဆန္ဒ သဘောထား တွေကို အကောင်အထည် ဖေါ်ရာမှာ သာတူညီမျှ ရှိတဲ့ ပြည်ထောင်စု ပေါ်ပေါက်လာရေး ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင် ကြိုးပမ်းရင် နီးစပ်နိုင်တယ်လို့ ခိုင်စိုးနိုင်အောင် က ဘီဘီစီ ကိုပြောပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် မဲဆောက်နဲ့ နယ်စပ်က ဒုက္ခသည်စခန်းတွေ သွားရောက် လေ့လာဖို့ ရှိတဲ့ အကြောင်း ကို ထိုင်းရုပ်မြင်သံကြား သတင်းမှာလည်း ထုတ်လွှင့် သွားပါတယ်။