အိန္ဒိယက ချေးငွေအပါအဝင် အကူအညီတွေပေးဖို့သဘောတူ

  • 28 မေ 2012
အိန္ဒိယဝန်ကြီးချုပ်ကို သမ္မတကကြိုဆိုစဉ် ဓာတ်ပုံ မူပိုင် AFP
Image caption အိန္ဒိယဝန်ကြီးချုပ်ကို သမ္မတကကြိုဆိုစဉ်

မြန်မာနိုင်ငံကို၃ရက်ကြာ ခရီးအဖြစ် အလည်အပတ် ရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန်ဆင်းကို မြန်မာသမ္မတ ဉီးသိန်းစိန်က နေပြည်တော်မှာ သီးသန့် လက်ခံတွေ့ဆုံ ခဲ့ပါတယ်။ အဲဒီနောက် ၂နိုင်ငံ ကိုယ်စားလှယ်တွေ ဆွေးနွေးကြပြီး ခေါင်းဆောင်နှစ်ဉီးဟာ ၂နိုင်ငံကြား သဘောတူ စာချွန်လွှာ၁၂ခုတို့ကို လက်မှတ်ရေးထိုးပွဲ တက်ရောက်ကြပါတယ်။

အဲဒီထဲမှာ ချေးငွေအမေရိကန်ဒေါ်လာ သန်း၅၀၀ အိန္ဒိယကချေးမယ့်အစီအစဉ် လေကြောင်းဆက်သွယ်ရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးကိစ္စတွေပါဝင်ပါတယ်။ အင်ဖါး မန္တလေး ဘတ်စ်ပြေးဆွဲရေးသဘောတူခဲ့ပေမယ့် ဆက်လက်ဆွေးနွေးစရာတွေရှိသေးတယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူး ဉီးဌေးဇော်ကပြောပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အထောက်အကူပြုမယ့် မီဒီယာ လွှတ်တော်နဲ့ လူ့ခွင့်အရေးကိစ္စတွေကို အိန္ဒိယဘက်က သင်တန်းပေးဖို့သဘောတူခဲ့ပါတယ်။

သမ္မတဉီးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေအတွက် ဝန်ကြီးချုပ်က ချီးကျူးလိုက်ပြီး အိန္ဒိယ အာစီယံအစည်းဝေးတက်ဖို့ ဉီးသိန်းစိန်ကိုဖိတ်ကြားသွားပါတယ်။

အခုလို ၂၅နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် ဝန်ကြီးချုပ်လာရောက်တာဟာ အိမ်နီးချင်းတရုတ်နဲ့စာရင် အချိန်နှောင်းနေတယ်လို့အချို့က ဝေဖန်နေကြပါတယ်။

မြန်မာနိုင်ငံကိုရောက်နေတဲ့ ဘီဘီစီသတင်းထောက် ဆန်ဂျွိုင်ကတော့ အနောက်နိုင်ငံက ပိတ်ဆို့မှုတွေရုပ်သိမ်းလိုက်တဲ့အတွက် အခုအခါ အရင်လိုမဟုတ်တော့ဘဲ တရုတ်ကလည်းအခြား ကုမ္ပဏီတွေနဲ့ယှဉ်ပြိုင်ရမှာဖြစ်လို့ အချိန်ကောင်းဖြစ်တယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ်နဲ့ ပါလာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ သဘာဝဓါတ်ငွေ့ ဓါတ်သတ္တုနဲ့ ဘဏ်လုပ်ငန်းတွေမှာ လုပ်ကိုင်ကြဖို့စိတ်ဝင်စားနေကြပါတယ်။