ဘီဘီစီမြန်မာပိုင်း ဝက်ဘ်ဆိုက် ဒီဇိုင်းပြောင်း

BBC Burmese ဓာတ်ပုံ မူပိုင် BBC Burmese

ဘီဘီစီ မြန်မာပိုင်းအစီအစဉ် ဝက်ဘ်ဆိုက်ကို ဒီဇိုင်းအားဖြင့် ဒီထက်ပိုပြီး ဆန်းသစ် ကောင်းမွန်ပြီး ခေတ်နဲ့အညီ မာလ်တီမီဒီယာမှာ သတင်းတွေကို ပိုမိုတင်ဆက် ပေးနိုင်ဖို့အတွက် လောလောဆယ်မှာ ဒီဇိုင်းပြင်နေပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ဒီဇိုင်းပုံစံ အပြောင်းအလဲတွေ လုပ်နေမှာမို့ တခါတရံမှာ အစီအစဉ် အထားအသို နေရာတွေက အရင်တွေ့နေကျ နေရာတွေမှာ ရှိချင်မှ ရှိပါလိမ့်မယ်။

ဒါပေမယ့် ဝက်ဘ်ဆိုက်ပေါ်မှာ ပုံမှန်အတိုင်း သတင်းတွေ၊ အစီအစဉ်တွေ၊ သတင်း ဗီဒီယိုတွေ၊ အသံဖိုင်တွေကတော့ ဆက်လက် ရေးသား ထုတ်လွှင့်ပေး နေမှာပါ။

ဘီဘီစီ မြန်မာပိုင်းအစီအစဉ် ဝက်ဘ်ဆိုက် ဒီဇိုင်းသစ်မှာ သတင်းတပုဒ်ချင်းစီကို ပိုမိုပြည့်ပြည့်စုံစုံ ရေးသားဖော်ပြနိုင်ဖို့ သတင်းရေးတဲ့နေရာ ပိုကျယ်လာမယ့်အပြင် ဗီဒီယိုတွေ ဓာတ်ပုံတွေကလည်း ကွန်ပျူတာ မျက်နှာပြင် အပြည့်နီးပါး ပေါ်လောက် အောင် ကြီးမားတဲ့ ပုံကြီးတွေကို ကြည့်ရှု နိုင်ကြမှာ ဖြစ်ပါတယ်။

သတင်းတပုဒ်ချင်းစီမှာ အကြောင်းအရာဆက်စပ်တဲ့ သတင်းတွေကိုလည်း လင့်တွေနဲ့ ဖော်ပြပေးနိုင်တော့မှာပါ။ သတင်းတွေကို အကြောင်းအရာလိုက် ရှာဖွေ ဖတ်ရှုနိုင် ဖို့လည်း ပိုမို လွယ်ကူ လာမှာ ဖြစ်ပါတယ်။

အရွယ်အစားရော အရည်အသွေးပါ ပိုမိုကောင်းမွန်တဲ့ သတင်းဗီဒီယိုတွေ၊ အသံဖိုင် တွေနဲ့ ဓာတ်ပုံတွေကို မာလ်တီမီဒီယာ စာမျက်နှာမှာ တစုတစည်းတည်း နားဆင် ကြည့်ရှု နိုင်ဖို့လည်း စီစဉ်ထား ပါတယ်။

နောက်ပြီး သတင်းနဲ့ အစီအစဉ်တွေကို Facebook ၊ Twitter စတဲ့ လူမှုမီဒီယာ ကွန်ယက်တွေကနေ ကိုယ့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီကို ဝေမျှချင်တယ် ဆိုရင် လည်း ပိုမို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဝေမျှနိုင်အောင် စီစဉ်ပေး ထားတယ် ဆိုတဲ့အကြောင်း ဘီဘီစီ ပရိတ်သတ်တွေအတွက် သတင်းကောင်း ပါးအပ်ပါတယ်။

ဒီရက်ပိုင်းအတွင်း နားဆင်ဖတ်ရှုသူတွေအနေနဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲ တခုခု ရှိတယ်ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်ကြပါတယ်။