ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်ကို ရောက်ပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption လေယဉ်ပေါ်က ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်း လုံခြုံရေးတွေက ဝိုင်းရံပြီး ထွက်လာပါတယ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာကာလ အတွင်း ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ထိုင်း လေကြောင်းလိုင်းနဲ့ ဒီကနေ့ညမှာ ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ သူ့ရဲ့ ကိုယ်ရေး အရာရှိတွေ လုံခြုံရေး တာဝန်ခံတွေ အတူ ပါသွားပြီး ထိုင်းနိုင်ငံကလည်း လုံခြုံရေး ယူပေးကြပါတယ်။

လေယဉ်ပေါ်က လိမ္မော်ရောင် ဝတ်စုံနဲ့ဆင်းလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းလုံခြုံရေးတွေက ဝန်းရံပြီး ထွက်လာပါတယ်။ လေဆိပ်မှာ ကြိုဆိုသူတွေ အများအပြား အပြင် သတင်းထောက်ပေါင်း၂၀၀ ကျော် လာရောက်သတင်းယူ ကြပါတယ်။

သူဟာ ဘန်ကောက်မြို့မှာ ကျင်းပမယ့် World Economic Forum ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ဒီညီလာခံဟာ အာရှဒေသမှာ ပထမဆုံးပြုလုပ်တာဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ လောနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ အတူ ကမ္ဘာ့ စီးပွားရေး ခေါင်းဆောင် ၄၅၀ လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မနက်ဖန်မှာတော့ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားတွေနဲ့ တွေ့ဖို့ မဟာချိုင်ကို သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း ထိုင်းမြန်မာ နယ်စပ် မယ်လဒုက္ခသည်စခန်းကို လည်း သွားမှာ ဖြစ်ပါတယ်။

အရင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကိုပြန်လာခွင့် မရမှာ စိုးရိမ်တဲ့အတွက်သူ့ခင်ပွန်းကွယ်လွန်ချိန်မှာတောင်ပြည်ပကိုမသွားခဲ့တာမို့၊ သူ့ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် ယုံကြည်မှု ပိုရလာတဲ့ လက္ခဏာကို ပြတာဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်တဦးက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အန်အယ်ဒီပါတီနာယက ဦးတင်ဦးက ရန်ကုန်လေဆိပ်မှာ လိုက်ပါ နှုတ်ဆက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ

ဆက်စပ် အင်တာနက် လင့်များ

ပြင်ပ ဝက်ဘ်ဆိုက်ပါ အကြောင်းအရာများအပေါ် ဘီဘီစီက တာဝန်မယူပါ။