မာမိုဟန်ဆင်း ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့

  • 29 မေ 2012
Aung San Suu Kyi, Manmohan Singh ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာဆင်းက ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ လာဖို့ ဖိတ်ခေါ်

အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟန်ဆင်း ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့မှာ အင်္ဂါနေ့က တွေ့ဆုံ ခဲ့ပါတယ်။

အဲဒီ တွေ့ဆုံပွဲ အပြီးမှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လည်းကျင်းပ ခဲ့ ပြီး အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟန်ဆင်း က ဒေါ်အောင်ဆန်း စုကြည်ရဲ့ မြန်မာ နိုင်ငံ အတွက် ဆုံးဖြတ်ချက် ခိုင်ခိုင် မာမာနဲ့ ကြိုးပမ်းမှု တွေကို ကမ္ဘာက လေးစား အားကျ ရကြောင်း ပြောပါတယ်။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန် ရဲ့ မြန်မာ နိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှု တွေမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ အဆုံးအဖြတ် ပေးနိုင်တဲ့ ကဏ္ဍမှာ ရှိနေ လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောသွား ပါတယ်။

ဒီခရီးစဉ် အတွင်းမှာဘဲ ဒေါ်အောင်ဆန်းစုကြည် ကို အိန္ဒိယ နိုင်ငံကို လာရောက် ဖို့လည်း ဝန်ကြီးချုပ် မာမိုဟန်ဆင်း က ဖိတ်ခေါ် ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျဝါဟာလာ နေရူး အမှတ်တရ ပွဲမှာ လာရောက် ဟောပြောဖို့ အတွက် ဖိတ်ကြားချက် ကို အာဏာရ ကွန်ဂရက်စ် ပါတီ ဥက္ကဌ မစ္စစ် ဆိုနီယာဂန္ဒီ ကိုယ်တိုင် ရေးသား ခဲ့တာ ဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

အိန္ဒိယ နိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိသားစု တို့ ကြားမှာ ရှိခဲ့တဲ့ ဆက်နွယ်မှု တွေ အကြောင်း ကိုလည်း သူက ထည့်သွင်း ပြောသွား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဖက်ကလည်း သူ့ရဲ့ မိဘ တွေဟာ ပန်ဒစ် ဂျဝါဟာ လာနေရူး အပါအဝင် အိန္ဒိယ ခေါင်းဆောင် တွေကို လေးစား အားကျ ခဲ့ကြတဲ့ အကြောင်းနဲ့ သူငယ်စဉ် တုန်းက မစ္စတာ နေရူးကို ပန်ဒစ်ဂျီ လို့ ခေါ်ခဲ့တဲ့ အကြောင်း အချိန်တွေ သိပ်ကြာ မသွားခင် မှာ ဖိတ်ကြားချက် အတိုင်း လာရောက် နိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ ပါတယ်။

တခါ နှစ်နိုင်ငံ ဆက်ဆံရေး နဲ့ ပတ်သက် လို့လည်း နှစ်နိုင်ငံ ပြည်သူတွေ ကြားမှာ ပိုပြီး ကူးလူး ဆက်ဆံ မှုတွေ ရှိဖို့ မျှော်လင့်ကြောင်းနဲ့ မိတ်ဆွေ စစ်မှန်တဲ့ ဆက်ဆံရေး ဆိုတာဟာ နှစ်နိုင်ငံ ပြည်သူတွေ ကြားမှာ အခြေခံ ရမှာ ဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ်ကို သူပြောခဲ့ ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဆိုပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ ကြားမှာ အပြန်အလှန် လေ့လာစရာတွေ ရှိနေ သလို ဒေသတွင်း တည်ငြိမ် အေးချမ်းရေး အတွက်လည်း အကျိုးပြု စရာတွေ ရှိနေကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ