ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဒုတိယဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

Image caption ထိုင်းလုပ်ငန်းရှင်တချို့နဲ့ အာဏာပိုင်တို့ရဲ့ မြန်မာတွေ အပေါ် အနိုင်ကျင့်တာတွေနဲ့ ပတ်သက်ပြီး ဒေါ်စု ဆွေးနွေး

အာရှဒေသ ကမ္ဘာ့စီးပွားရေးညီလာခံကို တက်ဖို့ ဘန်ကောက်ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ထိုင်းဒုတိယ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ရုံးမှာ တွေ့ဆုံပြီး ထိုင်းနိုင်ငံ အတွင်းမှာ ရှိနေတဲ့ မြန်မာ အလုပ်သမားနဲ့ ဒုက္ခသည်တွေ အရေးကို ဆွေးနွေးခဲ့ ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တင်ပြဆွေးနွေးတဲ့အထဲမှာ ထိုင်းလုပ်ငန်းရှင် တချို့နဲ့ အာဏာပိုင်တို့ရဲ့ အလုပ် သမားတွေ အပေါ် အနိုင်ကျင့်တာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားခဲ့ပါတယ်။

အလုပ်သမားတွေကို အနိမ့်ဆုံး လုပ်အားစာ မပေးတာ၊ ကျန်းမာရေး စောင့်ရှောက်မှု အလေးထား မလုပ်ပေးတာနဲ့ ခွဲခြားဆက်ဆံတာတွေ ရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်က ထောက်ပြခဲ့ပါတယ်။

နောက်ပြီး ဥပဒေပိုင်းဆိုင်ရာ ပညာပေးရေးနဲ့ တခြား ပညာရေး အစီအစဉ်တွေ အတွက် ကျယ်ကျယ်ပြန့်ပြန့် ကူညီ ဆောင်ရွက်ပေးရေး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သလို ဒုက္ခသည်တွေရဲ့ လုံခြုံ စိတ်ချစွာ နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးတွေကို ကူညီ ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရင်တုန်းက မြန်မာ အလုပ်သမားတွေ ဖြစ်ခဲ့တဲ့ အရေးကို စိုးရိမ်ပြီး ပြောကြားခဲ့တာ ဖြစ်ကြောင်း၊ လက်ရှိအစိုးရ အနေနဲ့ ကတော့ မြန်မာ အလုပ်သမားတွေ အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ထိုင်းဒုဝန်ကြီးချုပ်က ကတိပေးသွားခဲ့ပါတယ်။

အခုလက်ရှိမှာ မြန်မာ အလုပ်သမားတွေကို နိုင်ငံသား စိစစ်ပြီး တရားဝင် အလုပ်သမားဖြစ်အောင်လုပ်ပေးနေပြီး၊ သောကြာနေ့ကစလို့ တရားဝင် မြန်မာ အလုပ်သမားတွေလည်း ထိုင်းအလုပ်သမား နည်းတူ တရက်ကို လုပ်အားခ ဘတ် ၃ဝဝ နှုန်းရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက် ပြောကြားပါတယ်။

ကျန်မာရေး ဆေးကုသခွင့်လည်း ထိုင်းနိုင်ငံသားနည်းတူရမှာ ဖြစ်ပြီး၊ မြန်မာ အပါအဝင် ရွှေ့ပြောင်း အလုပ်သမားတွေဟာ ထိုင်းလုပ်ငန်းတွေရှင်တွေ အတွက် မဖြစ်မနေ လိုအပ်တာကြောင့် အလေးထား စောင့်ရှောက်ရမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒုက္ခသည်တွေ ကိုတော့ လက်ရှိ ထိုင်းအစိုးရ လက်ထက်မှာ နေရပ်ရင်း ပြန်ပို့ဖို့ အစီအစဉ်မရှိဘဲ၊ တကယ်လို့ မြန်မာဘက်ခြမ်းမှာ အေးချမ်းသွားဆိုရင် မိမိသဘော အရ ပြန်ချင်တဲ့သူတွေ ရှိရင် ဂုဏ်သိက္ခာ ရှိစွာနဲ့ ပြန်ရမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ပူးပေါင်းပြီး စားရေး၊ နေရေး၊ ကျန်းမာရေး၊ ပညာရေးတွေကို ဆောင်ရွက်ပေးမှာ ဖြစ်ပြီး၊ အခုလည်း ဒုက္ခသည်တွေ အသက်မွေးဝမ်းကျောင်း အတွက် ထိုင်းဘုရင့် စီမံကိန်း NGO က စစ်တမ်းတွေ ကောက်နေပြီ ဖြစ်တယ်လို့လည်း ထိုင်း ဒုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။