အကောင်းချည်းပဲ မမြင်ဖို့ ဒေါ်စုပြောကြား

  • 1 ဇွန် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာအခြေအနေကို ဆက်ပြီး သတိနဲ့စောင့်ကြည့်ဖို့ နိုင်ငံတကာကို ဒေါ်စု ပြောကြား

နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဦးဆုံး ပြည်ပခရီးစဉ် အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲတွေအပေါ် မဆင်မခြင်ပဲ အကောင်းချည်းပဲ မမြင်လိုက်ကြဖို့ သတိပေး ပြောကြားလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နောက်ကြောင်း ပြန်မလှည့်တော့ဘူးလို့ အတိအကျ မပြောနိုင်သေးတဲ့ အတွက် နိုင်ငံတကာ က သတိထား စောင့်ကြည့်ကြဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး ညီလာခံမှာ အခုလို ပြောကြား ခဲ့တာပါ။

မြန်မာ စစ်တပ်က အခုလို အပြောင်း အလဲတွေကို အားပေးမပေးကို ရှင်းရှင်း လင်းလင်း မသိရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးတိုးတက်ဖို့နဲ့ အလုပ်အကိုင်တွေ ပိုမို ဖန်တီးနိုင်အောင် မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံကြဖို့ စီးပွားရေး ခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း အားပေးခဲ့ပါတယ်။

ဒါပေမယ့် ရင်းနှီး မြှုပ်နှံမှု ဥပဒေ ရေးဆွဲနေရာမှာ ဘာတွေ လုပ်ဆောင်နေတယ် ဆိုတာ မသိရတဲ့အတွက် ပွင့်လင်း မြင်သာမှု မရှိဘူး လို့ ဒေါ်အောင်ဆန်း စုကြည်က ထောက်ပြ သွားခဲ့ ပါတယ်။

ဒါ့အပြင် ထားဝယ် စီးပွားရေးဇုံ စီမံကိန်းအပါအဝင် တခြား စီမံကိန်းကြီးတွေ ကို အစိုးရက ဘယ်လို သဘော တူညီချက်တွေနဲ့ လုပ်နေတယ် ဆိုတာ မြန်မာ ပြည်သူတွေ ဘာမှ သိခွင့် မရကြတဲ့ အပြင် သဘောထား အမြင်တွေ တင်ပြခွင့် မရကြတဲ့အတွက် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကိုလည်း ထိခိုက်နိုင်စေနိုင်ပြီး မယုံကြည်မှုတွေ သံသယတွေလည်း တိုးပွား လာနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသွား ပါတယ်။

မြန်မာ နိုင်ငံမှာ လွတ်လပ် မျှတတဲ့ တရား စီရင်ရေး စနစ် မရှိသေးပေမဲ့ အစိုးရ ဘက်က စိတ်ဆန္ဒ ရှိရင် နှစ်နဲ့ ချီပြီး အချိန်ယူစရာ လိုမှာ မဟုတ်ပါဘူးလို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ ပတ်သက်လို့တော့ အချိန်ပိုယူရလိမ့်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ကို ပြင်ဆင်နိုင်ဖို့ ဆိုရင် လွှတ်တော် အမတ် ၇၅ ရာခိုင်နှုန်း ထက် ကျော်ပြီး ထောက်ခံဖို့ လိုတာကြောင့် အရပ်သား အမတ်တွေ အားလုံးရဲ့ ထောက်ခံမှု အပြင် အနည်းဆုံး စစ်သား တစ်ယောက်ရဲ့ ထောက်ခံမှုတော့ လိုပါတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောသွား ပါတယ်။

ဒီတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ထိုင်းနိုင်ငံရောက် အလုပ်သမားတွေ ဌာနေ ပြန်နိုင်ဖို့ ပြန်တဲ့ နေရာမှာလည်း ငြိမ်းငြိမ်း ချမ်းချမ်း ရှိဖို့ အပြင် အလုပ်အကိုင် အခွင့် အလမ်းတွေ ရှိအောင် ဖန်တီးပေးဖို့ နိုင်ငံတွင်းမှာ ပြဌာန်းထားတဲ့ စည်းကမ်း ဥပဒေတွေထဲမှာ မလိုအပ်တဲ့ ကန့်သတ်ချက်တွေကို ဖြုတ်ပစ်ဖို့ စတာတွေကိုလည်း ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ