နျူကလီယား စွန့်လိုက်ပြီလို့ မြန်မာကာကွယ်ရေး ဝန်ကြီး ပြော

ဓာတ်ပုံ မူပိုင် AFP
Image caption နျူကလီးယား အစီအစဉ်တွေ အရင်က ရှိခဲ့ ကြောင်း မြန်မာကာကွယ်ရေး ဝန်ကြီး ဝန်ခံ

မြန်မာနိုင်င်ငံမှာ နျူကလီးယား စွမ်းအင်ရရှိရေး လုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းလိုက်ပြီလို့ မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက စင်ကာပို နိုင်ငံမှာ ကျင်းပနေတဲ့ Shangri-la Dialogue ခေါ် အာရှဒေသ ဆိုင်ရာ လုံခြုံရေး ညီလာခံမှာ ပြောကြားလိုက် ပါတယ်။

အရင် စစ်တပ်အုပ်ချုပ်စဉ်ကာလကတော့ သူ့အဆို ပညာရေးလေ့လာမှုတွေနဲ့ နျူကလီးယား စွမ်းအင်အတွက် နျူးကလီးယား စီမံကိန်း လုပ်ဆောင်တာတွေ ရှိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးက ဝန်ခံ ပြောသွားပေမယ့် အခု အစိုးရသစ် လက်ထက်မှာတော့ နျုကလီးယား နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေ မလုပ်တော့ဘူး လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်က ဆောင်ရွက်ခဲ့တဲ့ သုတေသန လုပ်ငန်းတွေဟာလည်း နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ရည်ရွယ်ခဲ့တာမဟုတ်ဘူးလို့ ပြောပါတယ်။

မြန်မာ - မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရက စိုးရိမ် မကင်း ဖြစ်နေပြီး မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို နျူကလီးယား လက်နက် နည်းပညာတွေ ပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း အရင်က ရှိခဲ့ဘူးပါတယ်။

အခု ညီလာခံမှာတော့ မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်းက မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပွင့်လင်း မြင်သာတဲ့ပုံစံနဲ့ ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။

တခါ ဒီညီလာခံ တက်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta ကလည်း မြန်မာအစိုးရဖက်က ပြုပြင်ပြောင်းလဲမှုတွေ ပိုလုပ်လာတာနဲ့ အမျှ အမေရိကန်ဖက်ကလည်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့ ရှိတယ်လို့ အခုလို ပြောပါတယ်။

ဒါ့အပြင် အာရှ ပစိဖိတ်ဒေသတွင်းမှာ အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အစီအစဉ်တွေကိုလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ဒီအစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။

ဒါပေမယ့် အခုအခါ ကမ္ဘာ့ အခင်းအကျင်းဟာ ပြောင်းလဲသွားပြီမို့ သူတို့ရဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေးကို ဦးတည် ပါတယ်လို့ အလေးပေး ပြောသွားခဲ့ပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ အလှည့်ကျ စစ်ရေးလေ့ကျင့်မှုတွေလုပ်တာမျိုး၊ အကြံပေး လမ်းညွှန်တာမျိုး၊စတဲ့ နည်းလမ်းမျိုးတွေနဲ့ တခြားနိုင်ငံတွေရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီလို ဆောင်ရွက်ခြင်းအားဖြင့် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး ကို အထောက်အကူပြုလိမ့်မယ်လို့ သူကပြောပါတယ်။

ဒါကြောင့် အဲဒီလိုပူးပေါင်း ဆောင်ရွက်မှုတွေကို မြန်မာအပါအဝင် ဒေသတွင်း နိုင်ငံတွေ နဲ့အတူ ပြုလုပ်သွားဖို့အမေရိကန်က အားပေးမယ့်အကြောင်း ကာကွယ်ရေး ဝန်ကြီးLeon Panetta က ပြောသွားပါတယ်။