မြန်မာ အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ

  • 3 ဇွန် 2012
Image caption အလုပ်ရှင်အလုပ်သမား ကိစ္စဟာ မိတ်ဖက် စီးပွားဖက် ပုံစံမျိုးနဲ့ ဖြေရှင်းသင့်ကြောင်း ပြောပါတယ်

မြန်မာနိုင်ငံရဲ့ CMP အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ တရပ်ကို ရန်ကုန်မှာ ကျင်းပခဲ့ရာ စက်မှုတစ်၊ အလုပ်သမား စီးပွားကူးသန်းနဲ့ မီးရထား ဝန်ကြီးဌာနတွေက ဝန်ကြီးတွေ၊ လုပ်ငန်းရှင်တွေ၊ အလုပ်သမား ကိုယ်စားလှယ်တွေ ပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင်အတိုက်အခံ နိုင်ငံရေး ပါတီဝင်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင်တွေလည်း အဲဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခွင့်ရ ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးကိုကိုကြီးက အခုဖြစ်ပျက်နေတဲ့ အလုပ်ရှင် အလုပ်သမား ကိစ္စဟာ မိတ်ဖက် စီးပွားဖက် ပုံစံမျိုးနဲ့ ဖြေရှင်းသင့် ကြောင်း ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး နိုင်ငံတော်ကလည်း ဝင်ရောက်ဆောင်ရွက်ပေးရမယ့် ကဏ္ဍတွေလည်း ရှိတာကြောင့် သုံးဦးသုံးဖလှယ် ဆွေးနွေးရမယ့် ကိစ္စဖြစ်တယ်လို့ လည်း အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။

အဓိကအနေနဲ့ ပြဿနာကို ပြဿနာအဖြစ် အသိအမှတ်ပြုဖို့လိုကြောင်း၊ ဒါမှာသာ ပြဿနာအတွက် နည်းလမ်းတွေကို ရှာဖွေလို့ရမှာ ဖြစ်ကြောင်းလည်း သူက ဆွေးနွေးခဲ့ ပါတယ်။

အလုပ်သမားဝန်ကြီး ကိုယ်တိုင်ကလည်း အလုပ်ရှင် အလုပ်သမား အဖွဲ့အစည်းတွေကို အမြန်ဆုံး ဖွဲ့စည်းကြဖို့နဲ့ ဒါမှသာ သက်ဆိုင်ရာ ကိုယ်စားပြုသူတွေနဲ့ အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းနိုင်မယ့် အခြေအနေကို ရောက်မှာ ဖြစ်တယ်လို့ ပြောကြား သွားကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ စုံလင်စွာတက်ရောက်တဲ့အတွက် အတော် ထူးခြားတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။