ရခိုင်ကိစ္စ ခံစားမှုထိန်းပြီး အမြော်အမြင်ရှိဖို့လို

  • 5 ဇွန် 2012

ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်က မြို့ကြီးတချို့မှာ ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေဟာ လူမျိုးရေးနဲ့ ဘာသာရေး ဆက်နွယ်နေတာမို့ ဆိုင်သူများ အနေနဲ့ ခံစားမှုကို ထိန်းသိမ်းပြီး ဉာဏ် အမြော်အမြင်နဲ့ ဆောင်ရွက်ကြဖို့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေက လူထုကို တိုက်တွန်း လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘာသာရေးခေါင်းဆောင်တွေ ရခိုင်အရေးမှာ ဝင်ရပ်ကြဖို့ ပန်ကြားလိုက်တဲ့ ကိုမင်းကိုနိုင်

တခါ ဒီအရေးဟာ စိတ်ပူစရာမို့ ဘာသာရေး ခေါင်းဆောင်တွေ ကလည်း ဝင်ရပ်ဖို့၊ ထိန်းသိမ်းပေးဖို့ လိုနေတဲ့ အကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က မေတ္တာရပ်ခံ လိုက်ပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေဟာ ဘယ်မြေမှာမှ မရှိသင့်ဘူး၊ လူမျိုး ဘာသာ ကွဲပေမယ့် ငြိမ်းငြိမ်းချမ်းချမ်း နေလာကြတာ ကြာလှပြီ၊ အခုတော့ လူများစုကြောင့် လူနည်းစုမှာ စိုးရိမ် ကြောင့်ကြမှုတွေ ခံစား နေရတယ်လို့ သူက ထောက်ပြပါတယ်။

ဘယ်လို အကြောင်းနဲ့ပဲဖြစ်ဖြစ် အပြစ်မဲ့ ပြည်သူတွေ ထပ်ပြီး သေဆုံးတာမျိုးတွေ မဖြစ်သင့်တာမို့ အားလုံး ဝိုင်း၀န်း ထိန်းသိမ်း ကြရမယ်၊ အန္တရာယ်ကို ကြိုတင် ကာကွယ်တဲ့ အနေနဲ့ လုပ်ဆောင် ကြရမယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

အစိုးရကလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအရ ဥပဒေတွေ ပြဌာန်းပေးပြီးသား ဖြစ်တယ်၊ အခု ရခိုင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကတော့ ဥပဒေမဲ့ လုပ်ရပ်ဖြစ်လို့ စုံစမ်းမှုတွေ လုပ်မယ်၊ ဥပဒေနဲ့အညီ အရေးယူမှုတွေ လုပ်သွားမယ်လို့ အစိုးရပိုင် မီဒီယာတွေကနေ တဆင့် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်ပြီး ဒေသခံ အာဏာပိုင်တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ သက်ဆိုင်သူတွေကလည်း အရင်လို မဟုတ်ဘဲ သွက်သွက်လက်လက် တုန့်ပြန် ဆောင်ရွက်မှုတွေ လုပ်ခဲ့ပေမယ့်လို့ ဒေသခံ တချို့ကတော့ ဥပဒေမဲ့ ဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။