စစ်တွေ ဆန္ဒပြမှု ၁၁ ဦး ဒဏ်ရာရ

  • 4 ဇွန် 2012
စစ်တွေ
Image caption ဆန္ဒပြမှုဟာ နောက်ပိုင်းမှာ တော့ ပဋိပက္ခ အသွင် ဆောင်ခဲ့ပါတယ်

တနင်္ဂနွေနေ့က စစ်တွေမြို့ ရဲစခန်းရှေ့မှာ ဆန္ဒပြ ခဲ့ကြသူ တွေနဲ့ ရဲတွေ ပဋိပက္ခ ဖြစ်ခဲ့ ကြရာမှာ ရဲတွေက သေနတ် ပစ်ဖောက်ပြီး လူစုခွဲ ခဲ့တဲ့အတွက် လူ ၁၁ ဦးဒဏ်ရာရသွား ကြပါတယ်။

စစ်တွေမြို့ နာဇီစျေး မှာ အခွန်အကောက် တွေလျှော့ ပေးဖို့ အတွက် စျေးသူစျေးသား တွေဖက်က ဝင်ရောက် ကူညီခဲ့တဲ့ ဦးအောင်သန်းဝေ အသတ်ခံရပြီး အလောင်းဖျောက်ဖျက် ခံရတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာကြောင့် ဒေသခံတွေက ရဲစခန်းကို သွားဝိုင်းပြီး ဆန္ဒပြ ခဲ့ကြ တာပါ။

ဦးအောင်သန်းဝေဟာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ (RNDP) ကစည်းရုံးရေးမှူး တဦးဖြစ်တာကြောင့် ပါတီဥက္ကဌ ဖြစ်တဲ့ ဒေါက်တာအေးမောင် အပါအဝင် ပါတီခေါင်းဆောင်တွေက ဝင်ရောက်ဖြေရှင်း ပေးဖို့ကြိုးစား ခဲ့ကြပါတယ်။

ဦးအောင်သန်းဝေ ကိုသွားခေါ်လာပြီး ဆန္ဒပြနေတဲ့ လူအုပ်ကို စကားပြောဖို့ စီစဉ် ပေးခဲ့ပေမယ့် ဆန္ဒပြသူတွေ ဖက်က အဲဒီလူဟာ ဦးအောင်သန်းဝေ မဟုတ်ဘူးလို့ စွပ်စွဲပြီး လက်မခံခဲ့ ကြကြောင်း ဒေါက်တာအေးမောင်က ပြောပါတယ်။

နောက်ပိုင်းမှာတော့ ဆန္ဒပြသူ တွေဘက်က ရဲစခန်းကို ခဲတွေ ပုလင်းတွေနဲ့ ပစ်ပေါက်တာတွေ လုပ်လာခဲ့တယ်လို့ ဆိုပါတယ်။

ရဲက ပထမတော့ သေနတ်ကို မိုးပေါ်ထောင်ဖောက် ပြီးလူစုခွဲဖို့ ကြိုးစား ခဲ့ပေမယ့် မထိမ်းနိုင်တာကြောင့် နောက်ပိုင်းမှာ လုံထိမ်းတပ်ဖွဲ့တွေကို အကူအညီ ခေါ်ခဲ့ပုံရတယ်လို့ အခင်းဖြစ်ပွားချိန်မှာရဲ့စခန်း တွင်းမှာ ရှိနေတဲ့ ဒေါက်တာ အေးမောင်က ပြောပြပါတယ်။

နောက်ပိုင်းမှာတော့ လမ်းတွေပေါ်မှာ မီးခိုးဗုံး၊ ဒါမှမဟုတ် မျက်ရည်ယို ဗုံးတွေ နဲ့ ရော်ဘာကျည်ဆန် တွေကို အသုံးပြုပြီး လူစုခွဲခဲ့တယ်လို့ သတင်းတွေ ကြားရကြောင်း၊ မနက်လင်းလို့ ဆေးရုံကို သွားကြည့်တဲ့ အခါမှာတော့ ဒဏ်ရာရ ထားတဲ့သူ ၁၁ ဦးကိုတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လူ ၉ ဦးကိုရဲက ခေါ်ယူစစ်ဆေး ခဲ့ပြီး နောက်ပိုင်းမှာ သုံးဦးကို ပတ်သက်မှုမရှိတဲ့ အတွက် ပြန်လွှတ်ပေး လိုက်တယ်လို့ ဆိုပါတယ်။

ကျန်တဲ့ ၆ ဦးကိုလည်း စစ်ဆေးပြီးတဲ့ အခါ ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ တာဝန်ရှိသူ တွေက ပြောကြောင်း ဒေါက်တာ အေးမောင်က ပြောပြ ခဲ့ပါတယ်။