ထိုင်းစက်ရုံ ရန်ပွဲမှာ မြန်မာအလုပ်သမား သေဆုံး

  • 6 ဇွန် 2012
Image caption အလုပ်သမား တွေကြား မကျေနပ်မှုတွေ ရှိနေကြဆဲ

ထိုင်းနိုင်ငံ တောင်ပိုင်း ဆုံခါ မြို့မှာ ရှိတဲ့ Siam International Food Co. Ltd., ငါးသေတ္တာ စက်ရုံမှာ မေလ ၃ ရက် နေ့လည် ပိုင်းက ကမ္ဘောဒီးယား နဲ့မြန်မာ အလုပ်သမားတွေ ကြား ခိုက်ရန် ဖြစ်ပွား မှုကြောင့် မြန်မာ အလုပ်သမား ၁၀ ဦးလောက် ဒဏ်ရာ ရသွားပြီး ၁ ဦး သေဆုံး သွားကြောင်း အလုပ်သမား အရေး ကူညီ ဆောင်ရွက် နေသူတွေက ပြောပါတယ်။

ကမ္ဘောဒီးယား အလုပ်သမား အဆောင်အနီး မှာ ကြိုးပုခက်နဲ့ သွားအိပ် ခဲ့တဲ့ မြန်မာ အလုပ်သမားကို ဝိုင်းဝန်းရိုက်နှက် ခံခဲ့ ရတာကြောင့် မြန်မာ အလုပ်သမား တွေက အလုပ်ရှင်ကို အရေးယူ ပေးဖို့ တိုင်ကြား ရာကနေ ကမ္ဘောဒီးယား အလုပ်သမား တွေဘက်က မကျေနပ် တဲ့ အတွက် မြန်မာအလုပ်သမားတွေ အိပ်နေတုန်း နောက်ထပ် ဝင်ရောက် ရိုက်နှက် ခဲ့ကြတာလို့ အလုပ်သမားအရေး ဆောင်ရွက်သူ ဦးကျော် သောင်းက ပြောပါတယ်။

တုတ်တွေ၊ ဒါးတွေ အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် မြန်မာအလုပ်သမား ၁၀ ဦးလောက် ဒဏ်ရာတွေ ရသွားခဲ့ ကြပြီး ဒဏ်ရာ ပြင်းထန်တဲ့ အသက် ၂၃ နှစ်အရွယ် မိုးမိုး ဆိုတဲ့မြန်မာ အလုပ်သမား လူငယ်တဦးကတော့ ဆေးရုံမှာ သေဆုံးသွား ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးသိရတဲ့ အခြေအနေအထိတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူတာမျိုး မရှိသေးဘူးလို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကလည်း အခြေအနေကို စုံစမ်းနေပြီး နောက်နောင် ဒီလိုမဖြစ်ဖို့နဲ့ သေဆုံးသူ အလုပ်သမား အတွက် ထိုက်သင့်တဲ့ လျော်ကြေး ရဖို့ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ကြောင်း ဦးကျော်သောင်းက ပြောပြ ခဲ့ပါတယ်။