ပြည်ပ ခရီးစဉ်တွေ အကြောင်း ဒေါ်စု ရှင်းလင်း

  • 6 ဇွန် 2012
Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်း စုကြည်က ထိုင်းနိုင်ငံရဲ့ ဧည့်ဝတ် ကျေပြွန်မှုကို ကျေနပ် ကြောင်းပြော

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြည်တွင်း ပြည်ပ သတင်း သမားတွေကို ဖိတ်ခေါ်ပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။

အဓိက အားဖြင့် ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ ခရီးစဉ်မှာ တွေ့ကြုံခဲ့ ရတာတွေနဲ့ လာမယ့် ဇွန်လ ၁၃ ရက် မှာ စတင်မယ့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံ ခရီးစဉ်တို့ အကြောင်း ပြောခဲ့ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က သူ့ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း ထိုင်းနိုင်ငံ ဘက်က အစစအရာရာ လိုလေသေး မရှိ စီစဉ် ပေးခဲ့ပြီး လုံခြုံရေး ဆောင်ရွက်ပေးတာတွေ အပေါ် ကျေးဇူးတင်တဲ့ အကြောင်း အလေးထား ပြောသွား ခဲ့ပါတယ်။

ကမ္ဘာ့ စီးပွားရေး ညီလာခံကို တက်ရောက် ခဲ့ရတဲ့ အတွက် ဒေသတွင်းက စီးပွားရေး ဆိုင်ရာ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခွင့် ရခဲ့တာ အကျိုး ရှိကြောင်းလည်း သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မဲလ ဒုက္ခသည် စခန်းကို သွားရောက်ခဲ့

ပြည်ပက ရင်းနှီး မြှုပ်နှံမှုတွေ ဘယ်လို အခြေ အနေမျိုးမှာ လာသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အဲဒီ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာ အပေါ် အစိုးရ သတင်းစာတွေထဲမှာ ဝေဖန် ပြောဆိုတာတွေ ရှိတာကို သတင်းထောက် တစ်ယောက်က ထောက်ပြ မေးမြန်းတော့ သူ့ အနေနဲ့ ထင်မြင်တဲ့ အတိုင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြန်ဖြေခဲ့ ပါတယ်။

သူ့ ခရီးစဉ်ကြောင့် ထိုင်းနိုင်ငံကို သွားဖို့ စီစဉ် ထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ရလို့ သမ္မတက စိတ်ခုသွားတယ် ဆိုပြီး ပြည်ပ သတင်း မီဒီယာတွေမှာ ရေးတာနဲ့ ပတ်သက်လို့ မေးတာကို ဒေါ်အောင်ဆန်း စုကြည်က သမ္မတ ခရီးစဉ် ပျက်ပြယ်သွားတာ ဘာကြောင့် ဆိုတာ သူမသိတဲ့ အကြောင်း ပြောပါတယ်။

သတင်း မီဒီယာတွေမှာ ရေးကြသလို ဒေါ်အောင်ဆန်း စုကြည် ထိုင်းနိုင်ငံကို သွားတဲ့ အတွက် သမ္မတ ခရီးစဉ် ရွှေ့ဆိုင်းတယ် ဆိုတာ မဟုတ်တဲ့ အကြောင်းလည်း သူက ပြောပါတယ်။သတင်း မီဒီယာ တွေက လွတ်လွတ် လပ်လပ် ရေးသားခွင့် ရှိတဲ့ အတိုင်း သူတို့ ထင်မြင်ချက် တွေကိုရေးတာ ဖြစ်ပြီး အဲဒီ ပြောဆိုရေးသားမှု တွေကြောင့် သမ္မတနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ နှစ်ကြိမ် တိုင်တွေ့ဆုံပြီး နားလည်မှု ရှိထားတာတွေ အပေါ် စိုးရိမ် စရာ ဖြစ်တယ်လို့ ဦးဇော်ဌေးကပြော ပါတယ်။

ထိုင်း နိုင်ငံ ဘက်ကို သမ္မတ မလာဖြစ်တဲ့ ကိစ္စ အကျိုး အကြောင်း ရှင်းပြထားပြီး ဖြစ်တယ်၊ ထိုင်းဝန်ကြီးချုပ် တွေ့နိုင်တဲ့ အချိန်နဲ့ သမ္မတ ဦးသိန်းစိန် သွားနိုင်မယ့် အချိန်ကို ပြန်ညှိနှိုင်းပြီး ခရီးစဉ် အတွက် ထပ် စီစဉ် မှာပါလို့ ဦးဇော်ဌေးက ပြောပါတယ်။