ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်း

  • 6 ဇွန် 2012
Image caption ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းတွေ အတွင်း ပြဿနာတွေ ဖြစ်ပွားနေ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရက ဦးဆောင်းပြီး ငြိမ်းချမ်းရေး တည်ငြိမ်ရေး ထိန်းသိမ်းနိုင်ဖို့ ကော်မီတီ တစ်ရပ်ကို ဘာသာ ပေါင်းစုံက ပုဂ္ဂိုလ်တွေ မြို့မိ မြို့ဖတွေနဲ့ ဒီကနေ့ ဖွဲ့စည်း လိုက် ပါတယ်။

အဲသလို ဖွဲ့စည်း လိုက်တာကို ရခိုင်ပြည်နယ် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သန်းတင်က ဘီဘီစီကို ပြောပြရာမှာ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကော်မီတီကို အဖွဲ့ (၃) ခုနဲ့ ဖွဲ့ထားပြီး လူအင်အား ၄၀ နီးပါး ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်တွေမြို့မှာ လူမျိုးရေး အဓိကရုဏ်းတွေ မပေါ်ပေါက်အောင် ထိန်းသိမ်းသွားကြမှာ ဖြစ်ပြီး၊ အင်္ဂါနေ့ ကလည်း ဘာသာပေါင်းစုံက လူကြီးတွေဟာ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ လူမျိုးရေး ဘာသာရေး ပြဿနာ ဖြစ်ပေါ်နိုင်တဲ့ ရပ်ကွက်တွေကို သွားပြီး ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင်ဖို့ သွာရောက် ပြောဆို ခဲ့ကြတယ်လို့ သိရပါတယ်။

တခြား ဖြစ်စဉ် တစ်ခုမှာတော့ ဇွန်လ ၃ ရက်နေ့က ရဲစခန်းကို သွားဝိုင်းတဲ့ အတွက် ပစ်ခတ်ခံရပြီး ဒဏ်ရာ ရရှိသွားတဲ့သူ ၁၀ ဦး ထဲက ၄ ဦး ကို ဒဏ်ရာ ပြင်းထန်တဲ့ အတွက် ရန်ကုန် အရိုးကု ဆေးရုံမှာ ကုသဖို့ လေယာဉ်နဲ့ ဒီကနေ့ ယူသွားခဲ့တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က အတည်ပြု ပြောကြားပါတယ်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကတော့ လူနာ တစ်ဦးစီကို ထောက်ပံ့ကြေး ကျပ်နှစ်သိန်းစီ ထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။ စစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူမူမှာ လူ ၉ ဦးကို ထိန်းသိမ်းလိုက်ပြီး အဲဒီအထဲက ၃ ဦး ကို လွှတ်ပေးလိုက်ကာ ကျန်လူတွေကိုတော့ ဆက်လက် စစ်ဆေးနေတုန်း ဖြစ်တယ်လို့ သိရပါတယ်။