ကျပ် တစ်သောင်းတန် ငွေစက္ကူ ထုတ်မယ်

  • 7 ဇွန် 2012
ဓာတ်ပုံ မူပိုင် ministryofinformation
Image caption မကြာခင် ထုတ်ဝေတော့မယ့် ကျပ်တစ်သောင်းတန် ငွေစက္ကူသစ်

မြန်မာနိုင်ငံ ဗဟိုဘဏ်က ကျပ် တစ်သောင်းတန် ငွေ စက္ကူတွေကို လာမဲ့ ဇွန်လ ၁၅ ရက်နေ့က စတင် ထုတ်ဝေ ဖြန့်ချိတော့မယ်လို့ ထုတ်ဖေါ် ကြေညာလိုက်ပါတယ်။

အစိုးရသစ် လက်ထက်မှာ ဒီလို ငွေစက္ကူ အသစ် ထုတ်ဝေတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

တစ်သောင်းတန် ငွေစက္ကူဟာ အပြာရောင် ဖြစ်ပြီး မျက်နှာစာဘက် ထိပ်ပိုင်းတွင် "မြန်မာနိုင်ငံတော် ဗဟိုဘဏ်" စာတမ်း ရိုက်နှိပ် ထားပါတယ်။

အလယ်ပိုင်းမှာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် မြေပုံနဲ့ မြေပုံကို ဝန်းရံထားတဲ့ သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေတဲ့ မြန်မာ့ အနုပညာ လက်ရာ မြောက် ဆင်ဖြူတော် နှစ်စီးနဲ့ ထိပ်မှာ ကြာဖြူတစ်ပွင့် ရိုက်နှိပ် ထားပါတယ်။

ကျောဘက် ထိပ်ပိုင်းမှာတော့ "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး အလယ်ပိုင်းမှာ ရတနာပုံ မန္တလေး နန်းတော် မြို့ရိုးနဲ့ ကျုံးပုံကို ရိုက်နှိပ် ထားပါတယ်။

လက်ရှိမှာ ငွေကြေး ခိုင်မာမှု ရှိလာပြီလို့ အစိုးရက ယုံကြည်တဲ့ အတွက် အခုလို ငွေစက္ကူသစ် ထုတ်ဖို့ စီစဉ်တာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် ငွေစက္ကူသစ် ထုတ်ဝေမှုကြောင့် ငွေကြေး ဖေါင်းပွမှုတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်တဦးက သုံးသပ်ပါတယ်။

အခုလို တန်ဖိုးကြီး ငွေစက္ကူတွေ ထုတ်ခြင်းဟာ တန်ဖိုးကြီးတဲ့ အရောင်းအဝယ်တွေ လုပ်နေတဲ့ လူနည်းစု လူတန်းစား အတွက်ပဲ အပြောင်းအလဲ ဖြစ်မှာ ဖြစ်ပြီး အောက်ခြေ လူတန်းစား အတွက်တော့ အကျိုး ရိုက်ခတ်မှု ကြီးကြီးမားမား ရှိလာမှာ မဟုတ်ဘူးလို့ သူက သုံးသပ်ပါတယ်။

ဒါ့အပြင် အခုလို တန်ဖိုးကြီး ငွေစက္ကူတွေ ထုတ်ဝေနေမဲ့ အစား ဘဏ်လုပ်ငန်းစနစ်ကို ပြုပြင်ပြီး ကဒ်ပြားတွေ စတင်သုံးစွဲနိုင်အောင် လုပ်သင့်ပြီလို့လည်း သူက ထောက်ပြခဲ့ပါတယ်။