ပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ်လို့ သြစတြေးလျ ပြော

  • 7 ဇွန် 2012
ဓာတ်ပုံ မူပိုင် president office
Image caption ပိတ်ဆို့မှုတွေ ရုပ်မယ်လို့ သမ္မတနဲ့ တွေ့အပြီး Mr Carr ကြေညာ

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr နဲ့ အဖွဲ့ဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဒီကနေ့မနက်က တွေ့ဆုံခဲ့ပါတယ်။

ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်လာရေး ရှေးဟောင်း အမွေ အနှစ် ထိန်းသိမ်းရေး အပါအဝင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးတွေကို အလေးထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးအပြီးမှာ မစ္စတာ Carr က လက်နက် အရောင်းအဝယ် ပိတ်ဆို့ထားမှုတွေက လွဲရင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကျန်တဲ့ ပိတ်ဆို့မှုတွေ အားလုံးကို ပြန်ရုတ်သိမ်းပေးတော့မယ်လို့ ထုတ်ဖေါ် ကြေညာသွားပါတယ်။

မြန်မာ စစ်အစိုးရ အဖွဲ့ဝင်တချို့ပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ပြန်လည် ရုတ်သိမ်းကြောင်း သြစတြေးလျ အစိုးရက ပြီးခဲ့တဲ့ ဧပြီလတုန်းက ထုတ်ဖေါ် ကြေညာခဲ့ပါတယ်။

အခုတော့ ကျန်တဲ့ စစ်အစိုးရ အဖွဲ့ဝင်တွေ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အားလုံးကို ပြန်ရုတ်သိမ်းမယ်လို့ ကြေညာလိုက်တာပါ။

ဒါပေမယ့်လည်း လိုအပ်လာရင် အဲဒီ ပိတ်ဆို့မှုတွေ ကို ပြန်ပြဌာန်းမယ်လို့လည်း မစ္မတာ Carrက ပြောသွားပါတယ်။

သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ် က မြန်မာအရေးကျွမ်းကျင်သူ Sean Turnell ကတော့ ဒါဟာ အရင် စစ်အစိုးရ လက်ထက်က စစ်ခေါင်းဆောင်၊ ပုဂ္ဂိုလ် တဦးချင်းအပေါ် ချမှတ်ထားတဲ့ ခရီးသွားလာခွင့်နဲ့ ငွေကြေး ဆိုင်ရာ ပိတ်ဆို့မှုတွေကို ပြန်ရုတ်သိမ်းမှာ ဖြစ်တဲ့အတွက် အတော်လေး နားလည်ရ ခက်တြတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ဒီပိတ်ဆို့မှုတွေ ရုတ်သိမ်းလိုက်တာဟာ အခု အစိုးရသစ်ထဲမှာ ပါတဲ့ စစ်ခေါင်းဆောင်ဟောင်း တချို့အတွက် ဝမ်းသာစရာ ဖြစ်ကောင်း ဖြစ်ပေမယ့် ပြုပြင်ပြောင်းလဲရေး တွေ လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန်အပါ အဝင် အစိုးရသစ်အတွက်တော့ အကျိုးအမြတ် သိပ်မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ရန်ကုန်မြို့မှာ ရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ သြစတြေးလျ အစိုးရက အကူအညီ ပေးမယ်ဆိုတဲ့ အချက်ကတော့ အတော့်ကို လျော်ကန်တဲ့ အစီအစဉ် ဖြစ်ကြောင်း၊ ဘန်ကောက်တို့ စင်္ကာပိုတို့လို မြို့ကြီးတွေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် အဲဒီမှာ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံတွေ သိပ်မတွေ့ရတော့ပဲ မြန်မာနိုင်ငံတွင်းမှာ အထူးသဖြင့် ရန်ကုန်မြို့မှာ ရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေဟာ ကမ္ဘာလှည့် ခရီးသွားတွေအလွန် စိတ်ဝင်စားတဲ့ ဆွဲဆောင်နိုင်တဲ့ နေရာတွေ ဖြစ်တာမို့ ဒီအကူအညီဟာ လျော်ကန် ကောင်းမွန်တဲ့ အကူအညီ ဖြစ်ကြောင်း မစ္စတာ Turnell က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ