ရခိုင်ပြည်နယ် အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့

ဓာတ်ပုံ မူပိုင် Reuters
Image caption တောင်ကုတ်မြို့မှာ မူဆလင်တွေ အသတ်ခံခဲ့ရမှု အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြ

ရခိုင်ပြည်နယ်အတွင်း မေလနဲ့ ဇွန်လတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဖြစ်ရပ်မှန် ဖေါ်ထုတ်နိုင်ရေးနဲ့ ဥပဒေနဲ့ အညီ အရေးယူနိုင်ရေး အတွက် အစိုးရက ပုဂ္ဂိုလ် ၁၆ဦးပါ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

လိုအပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေကို ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေတို့နဲ့ အညီ စုံစမ်း စစ်ဆေးပြီး ဇွန်လ ၃၀ရက် မတိုင်ခင် သမ္မတဆီ တိုက်ရိုက် တင်ပြ အစီရင်ခံရမှာ ဖြစ်ပါတယ်။

အဲဒီ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဥက္ကဌ အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်ပြီး ဒုတိယ ဥက္ကဌကတော့ ရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် ရဲမှူးချုပ် ဇော်ဝင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းနဲ့ ဇွန်လဆန်းပိုင်း ရက်တွေတုန်းက ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ရွာသူ တဦးကို မူဆလင် လူငယ် ၃ဦးက အဓမ္မပြုကျင့်ခဲ့မှု၊ စစ်တွေမြို့မှာ ဆန္ဒပြသူတွေကို ရဲက ပစ်ခတ်ခဲ့တာကြောင့် လူ ၁၀ဦးကျော် ဒဏ်ရာရခဲ့မှု၊ တောင်ကုတ်မြို့မှာ လူစုလူဝေးနဲ့ သတ်ဖြတ်ခဲ့တာကြောင့် မူဆလင် ၁၁ဦး သေဆုံးခဲ့မှု စတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အခုလို စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

အရင်ကလည်း လုံခြုံရေး အဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ စက်မှုကျောင်းသား ဖုန်းမော် သေဆုံးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ တဖွဲ့ ဖွဲ့ခဲ့ဖူးကြောင်း၊ ဒါပေမယ့် အများပြည်သူ သိအောင် ဖေါ်ပြရာမှာ အားနည်းချက်တွေ ရှိခဲ့ကြောင်း၊ ဒါ့ကြောင့် အခုတကြိမ်မှာ အများပြည်သူ သိအောင် ပွင့်ပွင့်လင်းလင်း ဖေါ်ပြဖို့ လိုအပ်ကြောင်း ဥပဒေ ပညာရှင်လည်း ဖြစ် ပြည်သူ့လွှတ်တော် အမတ်လည်း ဖြစ်တဲ့ ဦးသိန်းညွန့်က ဘီဘီစီကို ပြောပါတယ်။