မောင်တောမှာ ညမထွက်ရ အမိန့်ထုတ်

  • 9 ဇွန် 2012
Maungdaw
Image caption အခုတော့ မြို့ထဲမှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားရပြီ

ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ် မောင်တောမြို့မှာ သောကြာနေ့က ဗလီတက်ပြီး ပြန်ထွက်လာလို့ စုဝေးမိတဲ့ မူဆလင်တွေက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တောင်ကုတ်မှာ အသတ်ခံရတဲ့ မူဆလင် ဆယ်ဦးကိစ္စကို ကန့်ကွက်ဆန္ဒပြကြရင်းနဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ တည်းခိုခန်းတွေ လူနေအိမ်တွေ တိုက်ခိုက် မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။

အနားက ရခိုင်ရွာတွေကိုလည်း ဆက်ပြီး မီးရှို့တိုက်ခိုက်ခဲ့ကြပါတယ်။ ရဲက လာပြီး လူစုခွဲဖို့ ကြိုးစားပေမဲ့ မရလို့ စစ်တပ်ရောက်လာပြီး သေနတ်ဖောက် လူခွဲခဲ့ရပါတယ်။

ည ကိုးနာရီလောက် အထိ ရပ်ကွက် ၄ ဖက်မှာ မီးရှို့မှုတွေ ရှိနေလို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးက မောင်တောမှာ ပုဒ်မ ၁၄၄ ကြေငြာပြီး ည ၆နာရီက မနက် ၆နာရီ အပြင်မထွက်ရအမိန့် ကြေငြာထားလိုက်ပါတယ်။

မြို့ထဲမှာ ငါးယောက်ထက် ပိုပြီး လူမစုဝေးရဘူးလို့လဲ ကန့်သတ်ထားလိုက်ပါတယ်။

ကာဖြူးထုတ်ပြီးတဲ့ နောက်မှာလဲ မြို့အရှေ့ပိုင်းမှာ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ မြို့ခံ တယောက်က ဘီဘီစီကို ပြောပါတယ်။

ညပိုင်းမှာ စစ်ကားတွေ မြို့ထဲက လမ်းတွေမှာ ကင်းလှည့်နေလို့ မြို့အတွင်းဖက်မှာ အခြေအနေတွေ အေးဆေးသွားပေမဲ့ မောင်တောမြို့တောင်ပိုင်းက မီးရှို့ခံခဲ့ရတဲ့ ရွာတွေမှာတော့ မိသားစုတွေဟာ သွားစရာနေရာမရှိပဲ တညလုံး ဒီအတိုင်း စိုးရိမ်ထိတ်လန့်စွာ ထိုင်နေကြရတယ်လို့ မောင်တောမြို့က သံဃာတပါးက ဘီဘီစီကို စနေနေ့မနက်မှာ မိန့်ပါတယ်။

တဖက်မှာတော့ အခုနောက်ဆုံး အကြမ်းဖက်မှုတွေ စတင်ဖြစ်စေခဲ့တဲ့ အကြောင်းတရပ်ဖြစ်တဲ့ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာက ရခိုင်အမျိုးသမီးကလေးကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ တရားခံ သုံးဦးကို ကျောက်ဖြူခရိုင် တရားရုံးမှာ မနေ့ကစလို့ ရုံးတင်ခဲ့ကြောင်း သိရပါတယ်။