တီးတိန်မြို့ကို ခရိုင်အဆင့် မတိုးမြှင့်လို့ ဒေသခံတွေ ဆန္ဒပြ

  • 8 ဇွန် 2012
Image caption ၆၄ ကြိမ်မြောက် ချင်းပြည်နယ်နေ့ အခမ်းအနား ကိုတော့ တန်ဇွန်းမြို့မှာ ပြီးခဲ့တဲ့ ၄ လက ကျင်းပခဲ့ ပါတယ်

ချင်းပြည်နယ် တီးတိန်မြို့ကို ခရိုင်အဆင့် မတိုးမြှင့်ပေးတဲ့ အတွက် ဒေသခံတွေက မြို့လုံးကျွတ် ဈေးဆိုင်တွေ ပိတ်ပြီး ဆန္ဒပြခဲ့ကြ ပါတယ်။

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့က ဒေသခံ တွေဟာ သူတို့ တီးတိန်မြို့ကို ခရိုင်အဆင့် တိုးမြင့်ပေးဖို့ တောင်းဆိုတာ မရတဲ့ အတွက် မကျေမနပ် ဖြစ်ခဲ့ကြတာပါ။

ဒီအတွက် သောကြာနေ့မှာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်ငိုင်း လာရောက်မယ့် ခရီးစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ မြို့လုံးကျွတ် ဈေးဆိုင်တွေ ပိတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဇွန်လ ၁ရက်နေ့က ပြုလုပ်တဲ့ ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ဟားခါးနဲ့ တီးတိန်ကို ခရိုင်အဆင့် သတ်မှတ်ပေးဖို့ အဆိုပြု တင်သွင်းခဲ့ တုန်းက တီးတိန် ဘက်က မဲရှုံးခဲ့တာဖြစ်ပြီး၊ ဟားခါးမြို့ ကိုတော့ ခရိုင်အဖြစ် သတ်မှတ် ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီကနေ့ တီးတိန်မြို့ကနေရာ တချို့မှာ ခရိုင် မဖြစ်လို့ ဝမ်းနည်းစွာ ကြိုဆိုတယ် ဆိုတဲ့ ဆိုင်းဘုတ် တွေကို ဝန်ကြီးချုပ် လာရာ လမ်းတွေမှာ ကပ်ထားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အရင်က ချင်းပြည်နယ်မှာ ဖလမ်းနဲ့ မင်းတပ်ကို ခရိုင်မြို့ အဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ အခုအစိုးရသစ် လက်ထက်မှာ ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါး ကိုလည်း ခရိုင်အဆင့် တိုးမြင့် သတ်မှတ် ပေးလိုက်တာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ နောက်ထပ် မကျေနပ်တာ တခုကတော့ ချင်းအမျိုးသား တပ်ဦးနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး အဖွဲ့ သဘောတူညီမှု အရ CNF ရဲ့ ဆက်ဆံရေး ရုံးခွဲကို ဒေသခံတွေ ကန့်ကွက်တဲ့ကြားက တီးတိန်မြို့မှာ ဖွင့်ခွင့် ပေးလိုက်တာပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ