ရခိုင်ရွာတွေ မီးရှို့ဖျက်ဆီးခံရတာကို ကန့်ကွက်ကြောင်း ဆန္ဒဖေါ်ထုတ်

  • 9 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption တရားဥပဒေ စိုးမိုးမှုမရှိ ဖြစ်နေတာကြောင့် နိုင်ငံတော် အစိုးရက အဖြစ်နိုင်ဆုံး တာဝန်ယူ ပေးဖို့ တောင်းဆို

ရခိုင်ပြည်နယ် မောင်တောမှာ အကြမ်းဖက် ဖျက်စီးခံရတာတွေကို ခံစားနေရတဲ့ ရခိုင် တိုင်းရင်းသားတွေ အတွက် ရန်ကုန်မှာ ရှိနေတဲ့ ရခိုင် တိုင်းရင်းသား ၃၀ဝ ကျော်က ရွှေတိဂုံဘုရား ရင်ပြင်တော် တက်ပြီး ဆန္ဒထုတ်ဖေါ်ပွဲ တရပ် လုပ်ခဲ့ပါတယ်။

အခု အခြေအနေဟာ တရားဥပဒေ စိုးမိုးမှု မရှိ ဖြစ်နေကြောင်း၊ အဲဒီအတွက် ရခိုင်အမျိုးသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို နိုင်ငံတော် အစိုးရက နေပြီး၊ အဖြစ်နိုင်ဆုံး တာဝန်ယူပေးဖို့ တောင်းဆိုထားကြောင်း ဒီပွဲမှာ ပါဝင်ခဲ့တဲ့ ရခိုင်အမျိုးသား ကွန်ယက်က ဒုဥက္ကဋ္ဌ ကိုကျော်ဝင်းချေက ဘီဘီစီကိုပြောပါတယ်။

အခုကိစ္စဟာ ရခိုင်ပြည်နယ်တခု တည်းရဲ့ အရေးမဟုတ်ဘဲ မြန်မာနိုင်ငံ တနိုင်ငံလုံးနဲ့ ဆိုင်တယ်လို့ ယူဆကြောင်း၊ ဒီအတွက် တနိုင်ငံလုံးက တိုင်းရင်းသားတွေ ပူပေါင်းဆောင်ရွက်ဖို့ နိုးဆော်ထားကြောင်း လည်း သူက ပြောပါတယ်။

ရခိုင်တိုင်းရင်းသားတွေဟာ ဒညဝတီဘုန်းကြီးကြောင်းမှာ လူစုပြီး ရွှေတိဂုံဘုရားပေါ်ကို တက်ခဲ့တာ ဖြစ်ပြီး၊ ဒီပွဲမှာ ဘုန်းကြီးအပါး ၅၀ လောက်လည်း ပါဝင်ကြောင်း သိရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား မဟာမိတ်တွေကလည်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ပဋိပက္ခတွေ အတွက် ဝမ်းနည်းကြောင်းနဲ့ သက်ဆိုင်ရာ အနေနဲ့ ဒီအကြမ်းဖက်မှု တွေကို အမြန်ဆုံး အရေးယူ ဆောက်ရွက်ပေးဖို့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ တိုက်ခိုက်မှုတွေဖြစ်အောင် လှုံ့ဆော်နေတာတွေကို ရပ်ဖို့နဲ့ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းတွေက ကြားဝင်ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ