စစ်တွေမြို့မှာ ရခိုင်နဲ့ မွတ်ဆလင်တွေ အကြား အခြေအနေ တင်းမာနေ

  • 9 ဇွန် 2012
ဓာတ်ပုံ မူပိုင် afp
Image caption စစ်တွေမြို့မှာ အစ္စလာမ် ဘာသာဝင်တွေနဲ့ ရခိုင်တွေ အကြား တင်းမာမှုတွေ ကြီးထွား

ရခိုင်ပြည်နယ်တွင်းက မြို့တွေမှာ ရခိုင် တိုင်းရင်းသားတွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား ပဋိပက္ခတွေ ဖြစ်ပွားနေရာမှာ စစ်တွေမြို့ မှာတော့ ရဲတွေက သေနတ် ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရတယ်လို့ စစ်တွေ မြို့ခံတဦးက ပြောပါတယ်။

မွန်းလွဲပိုင်းတုန်းက အသက်၆၀အရွယ် မွတ်ဆလင် အဘွားအို တဦးသေဆုံး နေတာ တွေ့ခဲ့ရာကနေ အဲဒီ အဘွားအို သေဆုံးရမှုဟာ ရခိုင်တွေရဲ့ လက်ချက်ကြောင့်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက် တွေ ပေါ်ထွက်လာခဲ့ကြောင်း၊ လောလောဆယ် အဘွားအို ဘာ့ကြောင့် သေဆုံးခဲ့ တာလဲဆိုတာ အကြောင်းရင်း မဖေါ်ထုတ်နိုင်သေးချိန်မှာ အခုလို မွတ်ဆလင်တွေ နဲ့ ရခိုင်တွေ အကြား တင်းမာမှုတွေ ပိုကြီးထွားလာခဲ့တာ ဖြစ်ကြောင်း စစ်တွေ မြို့ခံ ရခိုင် အမျိုးသား တဦးက ဘီဘီစီကို ပြောပြပါတယ်။

ညနေပိုင်းအထိ အခြေအနေက ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေ ဆဲပဲလို့ ဆိုပါတယ်။

သောကြာနေ့တုန်းက ရခိုင်တိုင်းရင်းသားတွေရဲ့ ရွာတွေ မီးရှို့ ဖျက်ဆီး ခံခဲ့ရတဲ့ မောင်တောမြို့မှာတော့ စနေနေ့မှာ အခြေအနေတွေ တည်ငြိမ် နေတယ်လို့ မောင်တော မြို့ခံတဦးက ပြောပါတယ်။

ဒါပေမယ့် ဒီကနေ့အထိ ရွာတွေ မီးလောင်နေတာကို တွေ့နေရဆဲပဲလို့ ဆိုပါတယ်။

မောင်တောမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း လူတဦး သေဆုံးခဲ့ပြီး လူဦး ဒဏ်ရာရခဲ့တယ်လို့ စနေနေ့ထုတ် အစိုးရ သတင်းစာထဲမှာ ဖေါ်ပြထားပါတယ်။

ထိခိုက်သေဆုံးသူ အရေအတွက် စာရင်းကို အတည်ပြုနိုင်ဖို့ မောင်တော ရဲစခန်းကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဖြေကြားခဲ့ခြင်း မရှိပါဘူး။

ရခိုင် လူမျိုးအများအပြား နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ မျက်မြင်သက်သေတွေက ဘီဘီစီကို ပြောပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ