ရခိုင့်အရေးကြောင့် မြန်မာ့ဒီမိုကရေစီ ထိခိုက်နိုင်

  • 10 ဇွန် 2012

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ရပ်ရွာတွေ မီးရှို့ဖျက်ဆီးမှု၊ လူတွေကို ရန်မူ တိုက်ခိုက်မှုတွေက လူမျိုးရေး၊ ဘာသာရေး အခြေခံပြီး မကျေနပ်မှုတွေ၊ မုန်းတီးမှုတွေ၊ လက်စားချေမှုကို အခြေခံ ဆောင်ရွက် နေတာကြောင့် တပြည်လုံးကို ပြန့်ပွားနိုင်ချေ ရှိနေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် president office
Image caption ဘင်္ဂါလီ မွတ်ဆလင်တွေရဲ့ ရန်လို တိုက်ခိုက်မှုတွေကြောင့် မောင်တောမှာ ရခိုင်၊ ဗမာ၊ သက် ဒုက္ခသည် ငါးထောင်ကျော် ရှိ

ဇွန်လ ၁၀ ရက် ည ၈ နာရီ သတင်းမှာ သမ္မတ ဦးသိန်းစိန်က ရခိုင့်အရေးနဲ့ စပ်လို့ တိုင်းပြည်နဲ့ လူထုကို မိန့်ခွန်း ပြောရာမှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ မေလ ၂၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်နီမော် လူသတ်မှုကြောင့် ရခိုင်ပြည်တွင်း မငြိမ်သက်မှုတွေ ဖြစ်ခဲ့တယ်လို့ သုံးသပ် ထားပါတယ်။

ဒါပေမဲ့လို့ ဇွန်လ ၈ ရက်၊ သောကြာနေ့က ဘင်္ဂါလီ မွတ်ဆလင်တွေက မောင်တောမြို့မှာ အကြမ်းဖက်မှု၊ တိုက်ခိုက်မှု၊ နေအိမ် မီးရှို့ ဖျက်ဆီးမှုတွေကြောင့် အပြစ်မဲ့ ပြည်သူ ၇ ဦး သေဆုံးပြီး၊ ၁၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဆောင်ရွက်ခဲ့ပေမယ့် မရလို့ ပုဒ်မ ၁၄၄ ထုတ်ပြန်လို့ ညမထွက်ရ အမိန့် ထုတ်ပြန် ခဲ့ပါတယ်။

ဇွန်လ ၁၀ ရက် မွန်းလွဲပိုင်းမှာတော့ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ မြို့နယ်တွေ မှာလည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး၊ ညနေပိုင်းမှာတော့ ရခိုင်တပြည်လုံးမှာ အရေးပေါ် အခြေအနေကို သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ က ကို သုံးပြီး ကြေညာခဲ့ပါတယ်။

ရခိုင့်အရေးဟာ တပြည်လုံးကိုသာ ကူးစက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ရင် နိုင်ငံ တည်ငြိမ်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို အကြီးအကျယ် ထိခိုက် ဆုံးရှုံးမယ်လို့လည်း သမ္မတ ဦးသိန်းစိန်က သူ့မိန့်ခွန်းထဲမှာ ထောက်ပြ သတိပေး ထားပါတယ်။

လက်ရှိ ရခိုင့်အရေး ပဋိပက္ခကို ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူထုလူတန်းစား ခေါင်းဆောင်တွေနဲ့ မြို့မိမြို့ဖတွေနဲ့ ပြေလည်ရေး ဆောင်ရွက် နေပါတယ်လို့လည်း သမ္မတက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

သမ္မတရဲ့ အရေးပေါ် အခြေအနေ ကြေညာချက်မှာတော့ ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် တပ်မတော်ရဲ့ အကူအညီနဲ့ ထိန်းသိမ်း စောင့်ရှောက်မယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ