မိုးထိမိုးမိ တောင်ပေါ် ရွှေတွင်းလုပ်သားတွေ ဆန္ဒပြ

  • 12 ဇွန် 2012
Image caption ရွှေမြင့်တင် တောင်ပေါ်စေတီ အရောက်မှာ ပိတ်ဆို့မှုကို ခံနေရတာ ဖြစ်ပါတယ်

ရမည်းသင်းနဲ့ မိုင် ၃၀ လောက် ဝေးတဲ့ မိုးထိမိုးမိ တောင်ပေါ် ရွှေတွင်း လုပ်ကွက်က တနိုင်တပိုင် လုပ်ငန်းရှင်နဲ့ ရွှေတွင်းလုပ်သား တထောင်ကျော်ဟာ သူတို့ တောင်းဆိုချက် တွေကို အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီဘက်က မလိုက်လျော တာကြောင့် နေပြည်တော်ကို စီတန်း လမ်းလျှောက် တောင်းဆိုဖို့ ဆင်းအလာ အာဏာပိုင် တွေရဲ့တားဆီးတာကို ခံထားရပါတယ်။

ရမည်းသင်း မရောက်ခင် ၇ မိုင်လောက်ဝေးတဲ့ ရွှေမြင့်တင် တောင်ပေါ်စေတီ အရောက်မှာ အာဏာပိုင်တွေရဲ့ ပိတ်ဆို့မှုကို ခံနေရတာ ဖြစ်ပါတယ်။

မန္တလေးတိုင်း ဒေသကြီး သတ္တုတွင်း ဝန်ကြီးနဲ့ ညွန်ကြားရေးမှူး အပါအဝင် ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေဟာ ရွှေမြင်တင် တောင်ပေါ်မှာဘဲ ခုချိန်ထိ ၃ ကြိမ် တိတိ ညှိနှိုင်း နေပေမယ့် အဆင်မပြေ သေးတဲ့ အကြောင်း တနိုင်တပိုင် လုပ်ငန်းရှင် ဦးသက်လွင်က ဘီဘီစီကို ပြောပြပါတယ်။ ဆန္ဒပြ တောင်းဆိုသူတွေ ဘက်ကတော့ သူတို့လုပ်နေကြ အတိုင်း ၄ ပေ အင်းနဲ့ ကျောက်ခွဲစက် အသေးတွေကို ပုံမှန်အတိုင်း ပြန်လည် လုပ်ကိုင်ရေးနဲ့ အကျိုးခံစားခွင့်တွေ အရင်အတိုင်း ပြန်ရရေး၊ နှစ်နာတဲ့ အလုပ်သမားတွေကို လျော်ကြေးပေးဖို့ စတာတွေကို တောင်းဆို ဆန္ဒပြနေတာ ဖြစ်ပါတယ်။

အင်္ဂါနေ့ ညနေ အထိ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေ မလိုက်လျော သေးတာကြောင့် ရှေ့တိုးလို့လည်း မရတဲ့ အတွက် ရွှေမြင့်တင် တောင်ပေါ်မှာဘဲ ညအိပ်စောင့်ပြီး တောင်းဆိုကြမယ်လို့ သိရပါတယ်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီဘက်ကို ဘီဘီစီက ဆက်သွယ်ကြည့်တော့ ကုမ္ပဏီဘက်က ပြောင်းမယ့် အကြီးစား ရွှေထုတ် လုပ်ရေးပုံစံ အတိုင်း လိုက်လုပ်နိုင်ရင် ခုတောင်းဆိုနေတဲ့ ဆန္ဒပြနေသူတွေ ကို ဆက်လက် လုပ်ကိုင်ခွင့် အပြင် အကူအညီတွေပါ ပေးသွားမယ်လို့ ဆိုပါတယ်။

ဒေသခံ လုပ်ငန်းရှင်တွေ ပြောနေတဲ့ တယောက် တဝက်နှုန်းနဲ့ လုပ်ကိုင်တယ်ဆိုတဲ့ သဘောတူညီချက် ဆိုတာလည်း ကုမ္ပဏီဘက်က ချုပ်ဆိုထားတာ မရှိတာကြောင့် ဆန္ဒပြသူတွေ ဘက်က ကျေနပ်မှု မရှိရင် ဥပဒေ ကြောင်းအရဘဲ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အလုပ်သမားတွေ ဘက်ကတော့ သူတို့တောင်းဆိုတာတွေ မရမခြင်း ဆက်လက် ဆန္ဒပြ တောင်းဆိုမယ်လို့ ပြောပါတယ်။