ရခိုင်ပြည်နယ်ကို လုံခြုံရေး တိုးချ

  • 12 ဇွန် 2012
Sittwe ဓာတ်ပုံ မူပိုင် AP
Image caption စစ်တွေမှာ လုံခြုံရေး အရ ရဲတွေက နေရာ ရွှေ့ ပြောင်း ပေးတာတွေ ရှိခဲ့

ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်နေတဲ့ အခြေ အနေကိုထိန်းသိမ်းနိုင်ဖို့ အစိုးရက လုံခြုံရေး တွေကို တိုးမြှင့် ချထားလိုက်ပါတယ်။

သောကြာ နေ့က စတင်ခဲ့တဲ့ ပဋိပက္ခ တွေကြောင့် ရခိုင်ပြည်နယ် အတွင်းမှာ အရေးပေါ် အခြေ အနေ ကြေညာ ထားခဲ့တာ နှစ်ရက် ကြာခဲ့ပြီ ဖြစ်ပေမဲ့ မီးရှို့ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပြီး တဘက်နဲ့ တဘက် အပြန် အလှန် စွပ်စွဲ ပြောဆို မှုတွေ ရှိနေပါတယ်။

ဒေသခံတွေ ကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ လုံခြုံရေး အားနည်းတဲ့ နေရာတွေမှာ မီးရှို့ တိုက်ခိုက်တာ တွေ ရှိတဲ့ အတွက် ဇွန်လ ၁၂ ရက်နေ့ ကပဲ မောင်တောနဲ့ စစ်တွေ တို့မှာ လုံခြုံရေး အင်အား ပိုတိုးချထား လိုက်တယ် မတည်မငြိမ် ဖြစ်နေတဲ့ နေရာ တွေမှာ စုစုပေါင်း တပ်ရင်း ၁၃ ရင် ချထားပြီး ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

ပေါက်တော၊ မြေပုံ မြောက်ဦး စတဲ့ မြို့နယ် တို့မှာ တော့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အရင်ရက်တွေ ကတည်းက ချထားတယ် လို့လည်း သူက ပြောပါတယ်။

စစ်တွေမြို့မှာ ဆိုရင် နာဇီရွာလို နေရာမှာ ရခိုင်တိုင်းရင်းသား လူများစုတွေ ကြားထဲမှာ ရှိနေတဲ့ လူနည်းစု ဘင်္ဂါလီ မွတ်ဆလင် တွေကို ခေါ်ထုတ်ပြီး သူတို့ လူမျိုးတူ လူအများစု ရှိနေတဲ့ နေရာကို ခေါ်ဆောင် ရွှေ့ပြောင်း ပေးတယ်လို့ လည်း ဦးဇော်ဌေးက ပြောပါတယ်။

"ဟိုနေ့က ပေါက်တောမြို့မှာ စစ်တပ်ကို excecutive power (အုပ်ချုပ်ရေး အာဏာ) ပေးလိုက်တယ်၊ လွှဲပေး လိုက်တော့ တပ်က ခြောက်လှန့် ပြီးပစ်တာတွေ ရှိတယ်" လို့ ဦးဇော်ဌေးက ပြောပါတယ်။

ရခိုင်တိုင်းရင်းသား ပဲ ဖြစ်ဖြစ် မွတ်ဆလင်ပဲ ဖြစ်ဖြစ် မတရား အကြမ်းဖက်မှုတွေ ဖြစ်မလာအောင် ထိန်းဖို့ ပဲ လုပ်နေတာ ဖြစ်တယ်။ ကျည်ဆံ အစား တခြား အဓိကရုဏ်း နှိမ်နင်းတဲ့ နေရာမျာ သုံးတဲ့ ကျည်ဆံတွေ ကို သုံးဖို့ ဖြည့်တင်း ထားတယ်လို့ ပြောပါတယ်။

လာမယ့် ရက်ပိုင်း အတွင်း အခြေ အနေတွေကို ထိန်းနိုင်အောင် ကြိုးစား နေပြီး အဲဒီ နယ်မြေမှာ တပ်မတော် တပ်ရင်း ၁၀ ရင်း အရန် ရှိနေတယ်လို့ သမ္မတရုံး ညွှန်ကြား ရေးမှူးက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ