ရခိုင်ပြည်နယ်မှာ တည်ငြိမ်မှု မရှိသေး

  • 12 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ၄ ရက် အတွင်း သေဆုံးသူ ၂၁ ဦး ဒဏ်ရာရသူ ၂၁ ဦး ရှိပြီ ဖြစ်တယ်လို့ အစိုးရ ကြေညာပါတယ်

ဒေသခံ ရခိုင်တွေနဲ့ ရခိုင်ဒေသက မွတ်ဆလင်တွေ အကြား အဓိကရုဏ်း ဖြစ်ပွားနေရာမှာ အင်္ဂါနေ့က အိမ်တွေကို မီးရှို့တာတွေ အပြင် သေနတ် ပစ်ခတ်သံ တွေကိုပါ ကြားနေ ရတယ်လို့ သတင်းတွေ ရရှိ ပါတယ်။

ရခိုင်တွေ နဲ့ မွတ်ဆလင်တွေ နှစ်ဘက်စလုံးဟာ သူတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေး နေကြ ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် အတွင်း ရုံးရင်းဆန်ခတ် ဖြစ်တဲ့ ၈ ရက်နေ့ ကနေ ၁၁ ရက်နေ့ အထိ ၄ ရက် အတွင်း သေဆုံးသူ ၂၁ ဦး ဒဏ်ရာရသူ ၂၁ ဦး ရှိပြီး၊ လူနေအိမ် ၁၆၆၂ လုံး မီးလောင်ခဲ့ကာ ဆိုင်ခန်း ၆ ခန်း၊ ဆိုင်ကယ် ၁၈ စီး၊ ထော်လာဂျီ ၃ စီး၊ စက်ဘီး ၉ စီး ပျက်ဆီး သွားတယ်လို့ မြန်မာ့ ရုပ်မြင်သံကြားက ထုတ်ပြန် သွားပါတယ်။

စစ်တွေမြို့မှာ ဆိုရင် အင်္ဂါနေ့ မနက်ပိုင်းမှာ အိမ်ခြေတချို့ မီးလောင် နေတာတွေ ရှိပြီး သေနတ် ပစ်သံတွေလည်း ကြားနေရတယ်လို့၊ စစ်တွေမြို့ ကွပ်ကဲရေးရုံး ပြန်ကြားရေး အဖွဲ့ဝင် ဦးဝင်းမြိုင်က ပြောပါတယ်။

ညနေပိုင်းမှာတော့ စစ်တွေမြို့ကို တည်ငြိမ်မှု ရှိအောင် ရဲနဲ့ စစ်တပ်က ထိန်းထားနိုင်ပြီ ဖြစ်တယ်လို့လည်း ဦးဝင်းမြိုင်က ပြောပါတယ်။

စစ်တွေ တမြို့တည်းမှာတင် သေဆုံးသူ ၆ ဦးနဲ့ ဒဏ်ရာရသူ ၁၆ ဦး ရှိကြောင်း ကိုလည်း သူက ပြောပါတယ်။

ဘေးဒုက္ခ ရောက်ခဲ့ရတဲ့ ရခိုင် ဒေသခံတွေကိုရော၊ မွတ်စလင်တွေကိုပါ သီးခြား ကယ်ဆယ်ရေး စခန်းတွေမှာ နေရာ ချထားပေးတယ်လို့ ဆိုပါတယ်။

တင်္နလာနေ့က အစိုးရ ထုတ်ပြန်ချက် အရ ဒုက္ခသည် ၄ ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမှာ ဆန်မရှိ တော့တဲ့ အတွက် လက်လုပ် လက်စားတွေ စားစရာ မရှိ ဖြစ်နေ ကြပြီလို့ သိရပါတယ်။

ရပ်ရွာ ပြန်လည်တည်ငြိမ် အေးချမ်းရေး အတွက်ကို အစိုးရက ရခိုင်ပြည်နယ်ကို အရေးပေါ် အခြေအနေ ကြေညာကာ တပ်ဖွဲ့ဝင်တွေကို ချထားပြီးလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ