ရခိုင်ဒေသ ဒုက္ခသည်တွေကို ကုလ အထူးသံတမန် သွားရောက်အားပေး

  • 13 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption စစ်တွေမြို့မှာ နေအိမ်တွေကနေထွက်ပြေးခဲ့ကြရသူ ဒုက္ခသည် တစ်သောင်းလောက်ရှိ

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဗီဂျေ နမ်ဘီးယားဟာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့ပြီး မောင်တော မြို့က ဒုက္ခသည် ကယ်ဆယ်ရေး စခန်းတွေဆီ သွားရောက် ကြည့်ရှု အားပေးခဲ့ပါတယ်။

မစ္စတာ နမ်ဘီးယားနဲ့အတူ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး သိန်းဌေး အပါအဝင် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေ လိုက်ပါ သွားခဲ့ပါတယ်။

မောင်တောမြို့မှာ ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကယ်ဆယ်ရေးစခန်း ၄ခု ရှိပြီး အလှူရှင်တွေ လာရောက် လှူဒါန်းကြတာမျိုး ရှိပေမယ့် အစားအသောက်နဲ့ အဝတ်အထည်တွေ လိုအပ်နေဆဲပဲလို့ မောင်တောမြို့ခံတဦးက ပြောပါတယ်။

နေအိမ်တွေ မီးရှို့ခံခဲ့ရတဲ့အတွက် ဒုက္ခသည်တွေ အနေနဲ့ ပြန်စရာ နေရာ မရှိကြ တော့ပဲ ဒုက္ခသည်စခန်းတွေမှာ အခြေကျနိုင်ဖို့ကလည်း အချိန် အတော်ယူ ရဦးမယ်လို့ ဆိုပါတယ်။

စစ်တွေမြို့နဲ့ မြို့တဝိုက်မှာလည်း အကြမ်းဖက်မှု ပဋိပက္ခတွေကြောင့် နေအိမ် စွန့်ပြီး ထွက်ပြေးလာကြတဲ့ ဒုက္ခသည်ပေါင်း တစ်သောင်းလောက်ကို ကယ်ဆယ်ထားတဲ့ စခန်း ပေါင်း ၃၀ကျော် ရှိနေပါတယ်။

အဲဒီ ဒုက္ခသည်တွေကို ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် အပါအဝင် အလှူ့ရှင်တွေက ကယ်ဆယ်ရေး ပစ္စည်းတွေ ဗုဒ္ဓဟူးနေ့က လာရောက် လှူဒါန်းခဲ့ကြပါတယ်။

အရင်ရက်တွေက မီးရှို့မှုတွေ၊ တဖက်နဲ့ တဖက် ရိုက်နှက်မှုတွေ ရှိခဲ့တဲ့ စစ်တွေမြို့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနေတဲ့အတွက် အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုတွေ မရှိပဲ အခြေအနေ တည်ငြိမ်နေတယ်လို့ စစ်တွေ မြို့မှာ ရှိနေတဲ့ ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦလှစောက ဘီဘီစီကို ပြောပါတယ်။

စစ်တွေမြို့မှာ လူ၅ယောက်ထက် ပိုတဲ့ လူစုလူဝေးနဲ့ သွားလာခွင့် မပြုကြောင်း ဒီကနေ့မနက် က လိုက်လံ ကြေညာနေတယ်လို့လည်း မြို့ခံတွေက ပြောပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ