ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား

  • 14 ဇွန် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို အထောက်အပံ့ ဖြစ်စေရမယ်

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ညီလာခံမှာ တက်ရောက် မိန့်ခွန်းပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အကူအညီ အထောက်အပံ့ ဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ပန်ကြားလိုက်ပါတယ်။

နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် သူ့ရဲ့ ဥရောပခရီးစဉ် အစမှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ၁၀၁ ကြိမ်မြောက် ညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အတွက် အခွင့်အလမ်းကောင်းတွေ မြောက်မြားစွာ ရှိကြောင်း၊ ဒါပေမယ့်လို့ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကူအညီ တွေဟာ မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို အထောက်အပံ့ ဖြစ်စေရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားသွားပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ညီလာခံ တက်လာသူ တွေက ဒေါ်စုကို သောင်းသောင်း ဖြဖြ ကြိုဆိုခဲ့

မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်နဲ့ သဟဇာတ ဖြစ်စေမယ့် ဖွံ့ဖြိုးတိုးတက်မှုကို လိုအပ်နေတာဖြစ်ပြီး၊ အထူးသဖြင့် လူငယ်တွေအတွက် အကူအညီ အထောက်အပံ့တွေ လိုအပ်နေတာ ဖြစ်တယ် လို့လည်း ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံကလူငယ်တွေမှာ အလုပ်လက်မဲ့ ပြဿနာ ရှိနေပြီး မျှော်လင့်ချက် ကင်းမဲ့နေမှု ဟာလည်း တိုင်းပြည် အနာဂတ် အတွက် ပြဿနာ တခုဖြစ်နေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံ မှုတွေ လာရောက်တဲ့ အခါ လူငယ်တွေ အတွက် အသက်မွေး ဝမ်းကျောင်း ပညာတွေ သင်ကြား နိုင်အောင် အကူညီ ပေးဖို့နဲ့ ရရှိတဲ့ အကျိုးအမြတ် တွေကိုလည်း မြန်မာပြည်သူ တွေနဲ့ မျှဝေ ခံစားဖို့ သူက တိုက်တွန်း ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာ တွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် အစည်းဝေး ခန်းမ တခုလုံး အပြည့် တက်ရောက် လာကြတဲ့ ပရိတ်သတ်က မတ်တပ်ရပ်ပြီး လက်ခုပ် သြဘာတီးရင်း အားပေးထောက်ခံ ခဲ့ကြပါတယ်။

ညီလာခံ လာတက်တဲ့ ဖိလစ်ပိုင် လွှတ်တော် အမတ် တဦးက ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းဟာ ခေါင်းဆောင်မှု အရည် အချင်းကို ပြသတဲ့ အားကျစရာ စကားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ဂျီးရီးယား က ဂါးဒီယန်း သတင်းထောက် ကောလင်း ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နားထောင်ရတဲ့ အခါ ဒီမိုကရေစီ နဲ့ ကောင်းမွန်တဲ့အုပ်ချုပ်မှု တို့ကြားမှာ တိုက်ရိုက် ဆက်နွယ်မှု ရှိနေတယ် ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ပြောသွား ခဲ့တာ သတိပြုမိတဲ့ အကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ညီလာခံမှာ မိန့်ခွန်း ပြောခဲ့ပြီးတဲ့နောက် သတင်းစာ ရှင်းလင်းပွဲ လည်း လုပ်ခဲ့ပါတယ်။

ရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေ အကြား လတ်တလော ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု ပဋိပက္ခ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အကောင်းဆုံး ဘယ်လို ဖြေရှင်းသင့်ပါသလဲဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားခဲ့ပါတယ်။

ဒီပြဿနာတွေကနေ သင်ခန်းစာ ယူနိုင်တာက တရားဥပဒေ စိုးမိုးမှု မရှိမဖြစ် လိုအပ်တယ် ဆိုတဲ့ အချက်ပါပဲ။ နိုင်ငံတနိုင်ငံမှာ နေထိုင်နေတဲ့ လူတွေ အနေနဲ့ တရားဥပဒေရဲ့ အကာအကွယ် ရဖို့ လိုသလို အဲဒီလူတွေဟာလည်း တရားဥပဒေကို လေးစား လိုက်နာဖို့ လိုအပ်ပါတယ်။ တရားဥပဒေ စိုးမိုးမှု မရှိရင် ဒီလို ပဋိပက္ခတွေ ဆက်ဖြစ်နေအုံးမှာဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ ဒီပဋိပက္ခမှာ သက်ဆိုင်နေသူအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ဒီကိစ္စကို ညင်ညင်သာသာနဲ့ ဂရုတစိုက် ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေသွားခဲ့ပါတယ်။

တခါ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကချင်ဒေသမှာလည်း KIO နဲ့ အစိုးရကြား အပစ်ရပ်ရေး ဆွေးနွေး ပြောဆိုတာမျိုးရှိနေကြောင်း ဒါပေမယ့် အပစ်ရပ်ရုံနဲ့ မရပဲ နိင်ငံရေးအရ ညှိနှိုင်း သဘောတူနိုင်ပါမှ တည်တံ့ ခိုင်မြဲပြီး အဓိပ္ပါယ် ပြည့်ဝတဲ့ ငြိမ်းချမ်းရေးမျိုးကို ရနိုင်မယ် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက် ပြောသွားခဲ့ပါတယ်။

တခါ ရခိုင်ပြည်နယ်တွင်းမှာ ရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို နိုင်ငံသား အဖြစ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ခံပါသလား လို့ သတင်းထောက်တဦး က မေးခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်ဖြေခဲ့ပါတယ်။

တရားဥပဒေ စိုးမိုးဖို့လိုအပ်ပါတယ်။ပထမဆုံးအနေနဲ့ နိုင်ငံသား တယောက် ဖြစ်ခွင့်နဲ့ ပတ်သက်လို့ ရှင်းလင်း ပြတ်သားတဲ့ စည်းမျဉ်းဥပဒေတွေ ချမှတ်ထားဖို့ လိုပါတယ်။ ရခိုင်ဒေသမှာ လက်တွေ့ဖြေရှင်းရမယ့် ပြဿနာတွေထဲမှာ အကြီးမားဆုံး ပြဿနာကတော့ ဘင်္ဂလားဒေ့ရှ်မြန်မာ နယ်စပ် ရေးရာ ပြဿနာပါ။ နယ်စပ် ရေးရာမှာ အားနည်းမှုတွေ ရှိနေတာကြောင့် နိုင်ငံ ဖြတ်ကျော်ပြီး တရားမဝင် ဝင်လာသူတွေ ရှိနေပါတယ်။ဒီကိစ္စကို ဖြေရှင်းနိုင်ရေးမှာ နယ်စပ်ပြဿနာကို ပိုတာဝန်ယူပြီး အဂတိ ကင်းကင်း သတိကြီးကြီးနဲ့ မပြတ်စောင့်ကြည့်ဖို့လိုပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေခဲ့ပါတယ်။

တခါ ဆီးရီးယားနိုင်ငံအရေးနဲ့ ပတ်သက်လို့ လည်း ဆီးရီးယား ပြည်သူတွေအနေနဲ့ အပြုသဘောကို အလေးထား အာရုံစိုက် ပြီး ကိုယ်မှန်တယ် ထင်တာကို အကောင်အထည်ဖေါ် ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောသွားပါတယ်။

ပါလီမန် အမတ်တဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွံဖြိုးဆဲ နိုင်ငံတွေက ပါလီမန်အမတ်တွေအပေါ် ဘယ်လို အကြံဉာဏ်မျိုး ပေးချင်ပါသလဲလို့ သတင်းထောက်တဦးက မေးခဲ့ရာမှာတော့

ပါလီမန် အမတ်တွေကို တိုက်တွန်းချင်တာကတော့ ကိုယ်အကောင်အထည်ဖေါ် မဖြည့်ဆည်းနိုင်တဲ့ ကတိမျိုးကို မပေးကြဖို့နဲ့ လူတွေ မျှော်လင့်ထားတာထက် ပိုလုပ်ပေးနိုင်အောင် ကြိုးစားကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က အကြံပြု ပြောသွားခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျနီဗာမြို့ကနေ Bern မြို့တော်ကို ထွက်ခွာသွားခဲ့ပြီး အဲဒီမှာ ဆွစ်ဇာလန် သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အနည်းငယ် နေမကောင်းဖြစ်တဲ့အတွက် သမ္မတနဲ့ ညစာစားပွဲကို ပယ်ဖျက်ခဲ့တယ်လို့သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ