ရွှေလုပ်သားများကို လုံထိန်းတပ် ဆက်လက်ပိတ်ဆို့၊ စားရေးနေရေး ခက်ခဲ

  • 14 ဇွန် 2012
workers ဓာတ်ပုံ မူပိုင် photo YYK
Image caption ဆန္ဒပြ အလုပ်သမားတွေကို လုံထိန်းတပ်က ဝိုင်းဝန်း ပိတ်ဆို့

ရမည်းသင်းမြို့နယ် မိုးထိမိုးမိတောင်က ရွှေလုပ် သားတွေဟာ အလုပ်သမားအခွင့်အရေးတွေအတွက် နေပြည်တော်အထိချီတက် ဆန္ဒပြဖို့ ထွက်ခွာလာရာမှာ ရမည်းသင်းမြို့ ရွှေမြင်တင် ဘုရားဝင်းအတွင်းနားခိုစဉ် လက်နက်ကိုင် လုံထိန်းတပ်က ပိတ်ဆို့ တားမြစ် ထားတာ ခံခဲ့ရပါတယ်။ အခုအခါ မှာတော့ တောင်းဆို ချက်တွေ မပြေလည် သေးရုံသာ မက ပိတ်ဆို့ တားမြစ် မှုကြောင့် စားသောက်ရေးနဲ့ နေထိုင်ရေး အတွက်ပါ အခက်အခဲ တွေရင်ဆိုင်နေ ရတယ်လို့ ဆိုပါတယ်။

ရွှေလုပ်သားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဉီးအေးသိန်းကို ဆက်သွယ် မေးမြန်းကြည့်ရာမှာ လုံထိန်းတပ်တွေက ရွှေမြင်တင် ဘုရားကို ပတ်ဝိုင်း ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။ ပိတ်ဆို့ထားရာမှာ သူတို့ဆီကို အများပြည်သူ သွားရောက်တွေ့ဆုံကြဖို့ ခွင့်မပြုသလို သူတို့ကိုလည်း ဘုရားပရဝုဏ်ထဲက ထွက်ခွင့် မပေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ကို ထမင်း၊ ရေနဲ့ အစားအစာတွေ ဖြတ်တောက်တာမျိုးတွေလုပ်တယ်လို့လည်း ဉီးအေးသိန်းက ဆိုပါတယ်။ ထမင်းရော ရေရော အစာရော ဖြတ်ထားတယ်ဆိုရာမှာ အစာရေစာ လာရောက်လှူဒါန်းတာတွေကို အထက်ခွင့်ပြုချက်မရလို့ဆိုပြီး ဝင်ခွင့် မပေးဘဲ ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ အတွက် ပေးပို့တဲ့ အစားအသောက်တွေကိုတော့ ချက်ချင်း ပေးခွင့်ပြုခဲ့တဲ့ အတွက် အလုပ်သမားတွေက ကန့်ကွက်တောင်းဆိုမှုတွေလုပ်ခဲ့လို့ မနေ့က ညနေ ၃ နာရီလောက်ကျမှ အလုပ်သမားတွေအတွက် အစားအသောက်နဲ့ ရေကို သွင်းခွင့်ပေးခဲ့တယ်လို့ဆိုပါတယ်။

တောင်ခြေဟင်းလင်းပြင်ဖြစ်တဲ့ အတွက် ညဘက်မှာ လေတိုက်ပြီး ရာသီဥတု အေးနေပေမယ့် အလုပ်သမားတွေမှာ စောင်ခေါင်းအုံးတွေမပါဘဲ၊ ဇရပ်နဲ့ ညောင်ပင်တွေအောက်မှာ အိပ်ကြရတယ်လို့ ဆိုပါတယ်။ ရွှေမြင်တင်ဘုရားအတွင်း ရောက်နေတဲ့ ဆန္ဒပြသူတွေကို အပြင်ထွက်ခွင့် မပေးတဲ့ အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် ဆေးရုံကို အချိန်မီ မရောက်ဘဲ ဒုက္ခရင်ဆိုင်ခဲ့ရတယ်လို့လည်း ဉီးအေးသိန်းက ပြောပါတယ်။

ဆန္ဒပြလုပ်သား ကိုမိုးကျော်ရဲ့ ဇနီးဖြစ်ပြီး ကိုယ်တိုင် ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အပြင် ချီတက်ဆန္ဒပြရာမှာလည်း ပါဝင်တဲ့ အသက် ၃၂ နှစ်အရွယ်ရှိ မထွေးထွေးဟာ ကိုယ်ဝန်အရင့်အမာနဲ့ ဖြစ်ပါတယ်။ ဆန္ဒပြချိန်အတွင်း မီးဖွားချိန် စေ့ရောက်ပြီး ကမ္ဗဇလေ လှုပ်ခတ်လာချိန်မှာ ဆေးရုံကို အချိန်မီ မရောက်နိုင်ခဲ့တဲ့ အတွက် ကိုယ်ဝန်အနေအထား မမှန်မကန်ဖြစ်ပြီး ခွဲစိတ်မွေးဖွားခဲ့ရာမှာ သားသမီး ပျက်စီးခဲ့ပါတယ်။ မိခင်ဖြစ်သူလည်း သတိလစ်မေ့မျောခဲ့ပါတယ်။

ရွှေအလုပ်သမားတွေဘက်က တောင်းဆိုချက် ၆ ချက်တောင်းဆိုထားရာမှာ သတ္တုတွင်း ဝန်ကြီးဌာနအရာရှိတွေ၊ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီဘက်က စီမံဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးဟောင်း ကြည်မိုး ခေါင်းဆောင်တဲ့ အဖွဲ့တို့က အလုပ်သမားတွေနဲ့ ညှိနှိုင်းပြီး ၅ ချက်ပေးဖို့ မနေ့မနက်က သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရွှေလုပ်သားတွေဘက်က ရွှေလုပ်သားတွေကို ယခင်အတိုင်း အစုခွဲဝေခံစားခွင့်တောင်းဆိုချက်ကို မရတဲ့ အတွက် သဘောမတူခဲ့ဘူးလို့ဆိုပါတယ်။

မနေ့ကနေ့ခင်းပိုင်း ကုမ္ပဏီ ဥက္ကဌ ဉီးစိုးထွန်းရှိန်ရောက်လာတဲ့ အခါ သဘောတူထားတဲ့ ငါးချက်ထဲက အသေးစားကျောက်ကြိတ်စက်တွေကို ဗြုန်းကြိတ်ခွဲခွင့်ဆိုတဲ့ အချက်ကို ပါထပ်ပြီးပယ်ချခဲ့တဲ့ အတွက် ပြေလည်မှုမရှိဘဲ ပိုမိုတင်းမာလာပါတယ်။

မိုးမိမိုးထိရွှေလုပ်ငန်းမှာ အလုပ်သမားပေါင်း ၂ သိန်းကျော်ရှိပြီး အဲဒီအလုပ်သမားတွေကို မီခိုနေတဲ့လူဉီးရေကိုပါ ထည့်သွင်းတွက်ချက်ရင် လူပေါင်း ၅ သိန်းနီးပါး စားဝတ်နေရေး ပြသနာကို ရင်ဆိုင်နေရတာလို့လည်း ဉီးအေးသိန်းက ဆိုပါတယ်။

အလုပ်သမားတွေကို အစားအသောက်နဲ့ ရေထောက်ပံ့ပေးတဲ့ ရမည်းသင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဉီးမျိုးသိန်းကိုလည်း ရွေးကောက်ပွဲကော်မရှင်က စာပေးပို့ခေါ်ယူထားတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ