ဒေါ်အောင်ဆန်း စုကြည် ဆွစ် ပါလီမန် ကိုသွားခဲ့

  • 15 ဇွန် 2012
Daw Aung San Suu Kyi arrives at Oslo, Norway ဓာတ်ပုံ မူပိုင် r
Image caption ဒေါ်အောင်ဆန်း စုကြည်ကို နော်ဝေ နိုဘယ် ငြိမ်းချမ်းရေး ကော်မီတီ ဥက္ကဌ ကြိုဆို

ဥရောပ ငါးနိုင်ငံ ခရီးစဉ် မှာ ဆွစ်ဇာလန် နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဆွစ် ပါလီမန်ကို သောကြာနေ့က သွားရောက်ခဲ့ ပြီး လွှတ်တော် နှစ်ရပ် လုံးက ဥက္ကဌတွေ၊ ဒုတိယ ဥက္ကဌ တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

တွေ့ဆုံရာမှာ ပါဝင်တဲ့ အထက် လွှတ်တော် ဒုတိယ ဥက္ကဌ လုံဘာဒီ ဖီလစ်ပို (Lombardi Phillipo) က နှစ်နိုင်ငံ ပါလီမန်တွေ ကြားမှာ ဆက်ဆံရေး တွေ ပိုကောင်းအောင် ဆောင်ရွက်ကြဖို့ နဲ့ ပါလီမန် စနစ်မှာ ဘယ်လို အလုပ်လုပ် ကြတယ် ဆိုတာကို လည်း ပြောဆိုခဲ့ကြ တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ သိပ်ကို ခိုင်မာ ပြတ်သားသူ၊ အခက် အခဲတွေ အများကြီးကို ကျော်လွှားပြီး သူ့တိုင်းပြည် ကောင်းကျိုး အတွက် လုပ်သူ ဖြစ်လို့ အထင်ကြီး လေးစားမိတယ်လို့လည်း အထက် လွှတ်တော် ဒုတိယ ဥက္ကဌက ပြောပါတယ်။

ညနေပိုင်းမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ ဆွစ်ဇာလန် နိုင်ငံကနေ နော်ဝေနိုင်ငံကို ထွက်ခွာ သွားခဲ့ပါတယ်။

နော်ဝေ နိုင်ငံ အော်စလို မြို့တော်ကို ရောက်လာမယ့် ဒေါ်အောင်ဆန်း စုကြည်ကို နော်ဝေ နိုင်ငံ နေရာ အနှံ့ အပြားမှာ ရောက်နေကြတဲ့ မြန်မာ တွေက သူတည်းခိုမယ့် The Grand Hotel ဟိုတယ် ရှေ့မှာ ကြိုဆိုဖို့ စောင့်နေကြ တယ်လို့ ဘီဘီစီ မြန်မာပိုင်း အစီ အစဉ်ရဲ့ အကြီးတန်း သတင်းထောက် ဦးမင်းထက်က ပြောပါတယ်။

ကြိုဆိုကြသူတွေထဲမှာ ကလေးငယ်တွေက အစ လူကြီး လူငယ် အရွယ်ရွယ် ပါဝင်ပြီး၊ မြန်မာ ဝတ်စုံတွေ၊ တိုင်းရင်းသား ဝတ်စုံ ကိုယ်စီ ဝတ်ထားကြတဲ့ မြန်မာ နိုင်ငံသားတွေ ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလံတွေ၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဓါတ်ပုံတွေကို ကိုင်ပြီး စောင့်ကြိုနေကြတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

နော်ဝေ စံတော်ချိန် ညနေ ၅ နာရီမှာ( မြန်မာ စံတော်ချိန် ည ၉ နာရီ လောက်မှာ) ဒေါ်အောင်ဆန်း စုကြည် နော်ဝေကို ရောက်လာပြီလို့ သိရပါတယ်။

ဇွန်လ ၁၆ ရက် စနေနေ့ ကျရင်တော့ ၁၉၉၁ ခုနှစ်က အပ်နှင်းခံခဲ့ရတဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုကို ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် လက်ခံရယူပြီး မိန့်ခွန်း ပြောဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ