အမျိုးသား ရင်ကြားစေ့ဖို့ အန်အဲလ်ဒီ အဆင့်သင့်ဖြစ်

  • 17 ဇွန် 2012
dassk ဓာတ်ပုံ မူပိုင် AFP
Image caption နိုဘဲလ် မိန့်ခွန်းပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်က နိုဘဲလ် ဆုအတွက် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေအကြား ဆွေးနွေးမှု တွေမှာလည်း တိုးတက်မှုတွေ ရရှိခဲ့တဲ့ အကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။

ဆက်လက်ပြီး သူနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ဟာလည်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တွေမှာ ပါဝင် ကြိုးစား သွားဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ အကြောင်း တွေကိုလည်း ပြောကြား သွားခဲ့ပါတယ်။

အခု အကောင်အထည် ဖော်နေကြတဲ့ ပြုပြင် ပြောင်းလဲရေး တွေကို ရေရှည် ထိန်းသွား နိုင်ဖို့ ဆိုရင် စစ်တပ် အပါအဝင် မြန်မာ နိုင်ငံ အတွင်း မှီတင်း နေထိုင်သမျှ လူအားလုံး ဉာဏ်ကိုသုံးပြီး ပူးပေါင်း ဆောင်ရွက် သွားကြဖို့ လိုအပ်ကြောင်း ကိုလည်းပြောကြား သွားပါတယ်။

ဆက်လက်ပြီး မြန်မာ နိုင်ငံဟာ သယံဇာတ အလွန်ပေါများလို့ တိုးတက်ကြီးပွားဖို့ အလားအလာ အလွန်ကောင်း တဲ့အကြောင်း၊ ဒါပေမယ့် အဲဒီ သယံဇာတတွေကို အသုံးချ ကြရင်လည်း ဒီမိုကရေစီ ဆန်စွာ တိုးတက်ကြီးပွားတဲ့ လူ့အသိုင်းအဝိုင်း တွေဖြစ်ပေါ်လာစေဖို့ ဖန်တီး ဖို့လိုအပ်ကြောင်း တွေကိုလည်း ပြောကြား သွားခဲ့ပါတယ်။