ဒေါ်အောင်ဆန်းစုကြည် နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ

  • 17 ဇွန် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာနိုင်ငံက လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ကိစ္စ အပါအဝင် တခြားသော ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ ပါတယ်

နော်ဝေနိုင်ငံကို ရောက်ရှိနေတဲ့ ၁၉၉၁ ခု ငြိမ်းချမ်းရေး နိုဘဲယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ နော်ဝေနိုင်ငံခြားရေး ဝန်ကြီး Jonas Gahr Støre တွေ့ဆုံခဲ့ ဆွေးနွေးခဲ့ ပါတယ်။

တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေ အပါအဝင် တခြားသော အထွေထွေ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် b
Image caption ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ချီးမြှင့်ကြတဲ့ အပေါ် မေတ္တာပွားများ ရမှာ ဖြစ်တယ်လို့ စက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်

ဒေါ်အောင်ဆန်းစုကြည်ကတော့ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ဆွေးနွေးခဲ့တာ ပါလို့ သတင်းထောက်တွေကို ခပ်တိုတိုပဲ ဖြေကြားသွားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေအတွက် ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ကြောင်းနဲ့ သူတို့ဘက် ကလည်း စိတ်ပူတယ် ဆိုတာကို ပြန်ပြောခဲ့တယ်လို့ ပြောပါတယ်။

နော်ဝေကိုရောက်ရှိ အခြေချနေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ဂုဏ်သိက္ခာ ရှိရှိ လုံခြုံစိတ်ချစွာ အိမ်ပြန်နိုင်ရေး အတွက် အကူအညီ ပေးသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး နိုဘဲယ်ဆုရှင်ဖြစ်တဲ့ အလျောက် မိန့်ခွန်း အခုလို ကြီးမြတ်သော ဂုဏ်ပြုမှုတွေကို နော်ဝေနိုင်ငံက ပြုလုပ်ပေးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလို အဆင့်အမြင့်ဆုံး ကြိုဆိုမှုတွေ ပေးခဲ့တာကို မြန်မာအစိုးရပိုင်းက စိတ်ပူစရာ မရှိအောင် သူတို့ ရှင်းပြသွားမှာပါလို့ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အော်စလို ဖိုရမ်ကို တက်ရောက်ဖို့ နော်ဝေကို ရောက်ရှိနေတဲ့ မြန်မာ စက်မှုလက်မှု ဝန်ကြီး ဦးစိုးသိန်းကလည်း အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ချီးမြှင့်ကြတဲ့အပေါ် မေတ္တာပွားများ ရမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ ဘာဂန်မြို့က ရက်ဖ်တို လူ့အခွင့်အရေး အဖွဲ့နဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပြီး၊ အဲဒီမှာ ရှိတဲ့ မြန်မာပြည်က မိသားစုတွေနဲ့လည်း တွေ့ဆုံ စကားပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဘီဘီစီ အကြီးတန်း သတင်းထောက် ကိုမင်းထက်က နော်ဝေနိုင်ငံ အော်စလိုမြို့ကနေ သတင်းပေးပို့ ထားတာကို နားဆင်နိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ