လူထုစိန်ဝင်း ကွယ်လွန်

  • 18 ဇွန် 2012
ludu
Image caption စာပေ အခမ်းအနား တခုမှာ တွေ့ရတဲ့ လူထုစိန်ဝင်း (ယာ)

ဝါရင့် စာရေးဆရာ သတင်းစာ ဆရာကြီး လူထု စိန်ဝင်းဟာ အသက် ၇၁ နှစ် အရွယ်မှာ ရန်ကုန်မှာ ကွယ်လွန် သွားပါတယ်။

ဦးစိန်ဝင်းဟာ ကျောင်းသား ဘဝထဲက သတင်းစာ နယ်ကို ဝင်လာခဲ့ပီး ဦးကြီး တော်သူ စာရေးဆရာကြီး ရွှေဥဒေါင်းနဲ့ နီးစပ်တဲ့ လူထု သတင်းစာမှာ ရန်ကုန် အယ်ဒီတာ လုပ်ခဲ့ပါတယ်။

တော်လှန်ရေး ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြား သွားပီးနောက် စာရေးဆရာ သတင်းသမား နိုင်ငံရေး အတိုက်အခံ တွေကို ထိန်းသိမ်းတဲ့ အထဲ ဦးစိန်ဝင်း ပါသွားခဲ့ပီး ကပ္ပလီ ပင်လယ်ထဲက ကိုကိုးကျွန်းမှာ အကျဉ်းကျ ခဲ့ပါတယ်။

ကျန်းမာရေး သိပ်ဆိုးရွား လာလို့ စစ်တွေထောင်ကို ပြန်ပို့ခဲ့ပေမယ့် လေဖြတ် ကိုယ်တပိုင်း သေသွားခဲ့ပါတယ်။

ကျန်းမာရေး မကောင်းတဲ့ကြားက ဦးစိန်ဝင်းဟာ စာနယ်ဇင်း များစွာမှာ အပတ်စဉ် စာရေးခဲ့ပီး စာရေး အများဆုံး စာရေးဆရာ တယောက် ဖြစ်လာပါတယ်။

မြန်မာ ပြည်မှာ ဆယ်စု နှစ်နဲ့ချီပီး ဆိတ်သုဉ်း နေတဲ့ သတင်းစာ ပညာ ပြန်လည် ထွန်းကားရေး ၊ ပြည်သူတွေ နိုင်ငံရေး နိုးကြားရေး အတွက် အစဉ် တိုက်တွန်း နှိုးဆော် နေသူ ဖြစ်ပါတယ်။

မြန်မာ စာပေ ယဉ်ကျေးမှု ထိန်းသိမ်းရေး ၊ ကျား မ တန်းတူ ညီမျှရေး၊ အများ အကျိုး သယ်ပိုးရေး စတဲ့ လူထု စိန်ဝင်းရဲ့ စာတွေဟာ လူငယ် လူကြီး စာဖတ် ပရိသတ် တွေကြားမှာ သြဇာ ကြီးမား ပါတယ်။

လူထု စိန်ဝင်း ကွယ်လွန် တာဟာ မြန်မာ့ နိုင်ငံရေး လမ်းကြောင်းမှာ အောက်ခြေ လူထုဘက်က အမြဲ ရပ်တည် ရေးသားသူ ဖြစ်တာမို့ အင်မတန် နစ်နာတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း အယ်ဒီတာ ဦး အောင်ကျော်ဆန်း က ဆိုပါတယ်။

မြန်မာ နိုင်ငံရေး သတင်းသမား တွေထဲမှာ ဦးဝင်းတင်နဲ့ သူသာ ထိပ်ဆုံးက ရှိတော့ တာမို့ ဆုံးရှုံးမှု အတွက် များစွာ ကြေကွဲကြောင်းလဲ နယူးယောက် နေ စာရေးဆရာ ကဗျာဆရာ မောင်စွမ်းရည်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ