ရခိုင်ပြည်နယ် ဒုက္ခသည်တွေ အကူညီမရ

  • 17 ဇွန် 2012
Arakan ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင် ဒုက္ခသည် အများအပြားဟာ စာသင်ကျောင်း နဲ့ ဘုန်းကြီးကျောင်း တွေမှာ ခိုလှုံ နေရ

ရခိုင်ပြည်နယ် စစ်တွေမြို့ ပတ်ဝန်းကျင်မှာ ဒုက္ခသည် အရေအတွက် ငါးသောင်းလောက် အထိရှိနေပြီး အဲဒီအထဲမှာ မူဆလင် ဒုက္ခသည် သုံးသောင်းလောက်နဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည် နှစ်သောင်းလောက် ပါဝင်တယ်လို့ ရခိုင်ပြည်နယ် နယ်စပ်ရေးရာနဲ့လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနဲ့ အတူ စနေနေ့က မူဆလင် ဒုက္ခသည် စခန်း တွေကို လှည့်လည် ကြည့်ရှုခဲ့တဲ့ ဘူးသီးတောင် မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ က စစ်တွေ မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော် ကလည်း စစ်တွေမြို့က ဒုက္ခသည် စခန်း ၆၁ ခုမှာ ဒုက္ခသည် အရေအတွက် ၁၅၆၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နှစ်ဖက်လုံးက ထွက်ပြေးရ သူတွေ ထဲမှာ အမျိုးသမီး နဲ့ ကလေးတွေ ပါဝင်

ရခိုင် ဒုက္ခသည် အများဆုံး ရှိနေတဲ့ နေရာကတော့ လူသံချောင်း ဆိုတဲ့ ကျောင်းဖြစ်တယ်လို့ ဦးအောင်မြကျော် က ဆိုပြီး အောင်မင်္ဂလာ ရပ်ကွက်မှာ မူဆလင် ဒုက္ခသည် တွေ အများအပြား စုပြုံရောက်ရှိ နေတယ်လို့ ဦးရွှေမောင်က ပြောပါတယ်။

မြို့ပေါ်က ဒုက္ခသည် စခန်း တွေမှာ အမိုးအကာ နဲ့ လုံခြုံမှု ရှိပေမယ့် စားစရာ အတွက် အခက်အခဲရှိ နေတယ်လို့ ဦးရွှေမောင်က ဆိုပါတယ်။

နယ်တွေက လာကြသူတွေ နေရပ် ပြန်တာ ရှိပေမယ့် ဒုက္ခသည် စခန်းကို နေ့စဉ်လိုလို တိုးပြီး ရောက်လာ နေတဲ့ လူတွေက ပိုများတယ်လို့ ဦးအောင်မြကျော် ကပြောပါတယ်။

အစိုးရ သတင်းစာ တွေမှာ ဒုက္ခသည် တွေအတွက် အလှူငွေ သိန်း ထောင်နဲ့ချီပြီး ရရှိတယ် လို့ ဖော်ပြတာ ရှိပေမယ့် ရခိုင် ဒုက္ခသည် တွေအတွက် မြို့ပေါ်က လူမှုရေး အသင်းအဖွဲ့တွေနဲ့ နယ်ဝေးက ရခိုင် တိုင်းရင်းသား တွေပေးပို့တဲ့ အလှူလောက်သာ အကူအညီ ရရှိကြတယ်လို့ ဦးအောင်မြကျော်က ပြောပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ