ဘာဂန်မြို့ခံတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့

  • 18 ဇွန် 2012
ဓာတ်ပုံ မူပိုင် bbc
Image caption ဒေါ်အောင်ဆန်းစုကြည် ဘာဂန် ရောက်စဉ်

ဒေါ်အောင်ဆန်းစုကြည် ရဲ့ နော်ဝေးနိုင်ငံ ဘာဂန်မြို့ ခရီးစဉ် အတွင်း ဘာဂန်မြို့ခံ တွေ ဟာ သောင်းဂဏန်းချီ ကြိုဆို ကြသလို၊ ဘာဂန်မြို့ မှာ အခြေချ နေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသား တွေနဲ့ လည်း တရင်းတနှီး နှုတ်ဆက် ကြိုဆိုပွဲတွေ ကျင်းပပါတယ်။

ဘာဂန်မြို့ ကို သွားရခြင်း အကြောင်း ကို ဒေါ်အောင်ဆန်းစုကြည် က ရှင်းပြရာမှာ အဆိုပါမြို့ ရှိ Rafto Foundation လူ့အခွင့်အရေး အဖွဲ့ကြီးက သူ့ ကို မြန်မာ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အတွက် တောင်းဆို လှုပ်ရှားသူ အနေနဲ့ ပထမဆုံး အသိအမှတ်ပြု ဆုချီးမြှင့်ခဲ့တဲ့ အတွက် လူ့အခွင့်အရေးကို ရှေ့တန်းတင်တဲ့ အဖွဲ့ ကို ကျေးဇူးစကား ပြောရအောင် ရောက်လာတာလို့ ဆိုပါတယ်။

နော်ဝေးနိုင်ငံမှာ ပြည်ပ မှ လာရောက် အခြေချ ကြတဲ့ လူတွေကို အစိုးရကရော ပြည်သူတွေကပါ လက်ခံပြီး၊ ပြုစု စောင့်ရှောက်ထားတာကို အံ့သြ ကျေးဇူးတင်သလို၊ အတုယူစရာကောင်းပုံတွေ ဒေါ်အောင်ဆန်းစုကြည် က ပြောပြပါတယ်။

ဒါကြောင့်မို့ မြန်မာတိုင်းရင်းသားတွေ အနေနဲ့လည်း အိမ်ရှင်နိုင်ငံ ကြည်ဖြူအောင် နေထိုင်ရမှာ ဖြစ်သလို၊ မိမိတို့ အချင်းချင်း လည်း ညီညွတ် စည်းလုံးပြီး လူ့သိက္ခာ အပြည့်အဝ စောင့်ထိန်းယင်း သူတို့ပညာလည်းဆည်းပူး၊ ကိုယ့်ယဉ်ကျေးမှု လည်း ထိန်းသိမ်း ဖို့၊ ကလေးငယ် တွေ ကို လက်ဆင့်ကမ်းဖို့ မှာကြားပါတယ်။

ပြည်တွင်း အခြေအနေ ရှင်းပြရာမှာ လည်း ပြောင်းလဲမှု ဆုံမှတ် တခု ကို ရောက်နေချိန် ဖြစ်လို့၊ ဒါကို လက်မလွတ်စေပဲ ပြည်သူ အများရည်မှန်းချက် ပန်းတိုင်ရောက်အောင် အထူးကြိုးပမ်းဖို့ လိုကြောင်း ဆိုပါတယ်။

တိုင်းရင်းသားအရေး ပြောရာမှာ ဘာဂန်မြို့ မှာ ချင်းတိုင်းရင်းသား တွေ အများအပြား တွေ့ရလို့ ချင်းပြည်နယ် ရောက်နေသလို ခံစားရပုံ၊ မြန်မာ လည်း တိုင်းရင်းသားပင် ဖြစ်ပြီး ပြည်တွင်းမှာ လူဉီးရေ များတာသာ ဖြစ်ကြောင်း၊ အဲဒီ အတွက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဟာ မဖြစ်နိုင်စရာ အကြောင်းမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ