မြန်မာ့အရေး အော်စလို ဖိုရမ် ဆွေးနွေးပွဲ

  • 18 ဇွန် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးမှုတွေဟာ တကယ့် နိုင်ငံရေး ဆွေးနွေးမှုတွေ မဟုတ်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

နှစ်စဉ်ပြုလုပ်တဲ့ အော်စလိုဖိုရမ် ဆွေးနွေးပွဲမှာ ဒီနှစ်တော့ မြန်မာ့နိုင်ငံက ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဦးဆောင် ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere နဲ့ U2 တေးဂီတအဖွဲ့က ခေါင်းဆောင် အဆိုတော် ဘိုနို တို့က အဓိက ဦးဆောင်ဆွေးနွေးကြသူ panel အဖြစ် ပါဝင်ကြ ပါတယ်။

မြန်မာအစိုးရဘက်က စက်မှုလက်မှု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းလည်း ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး၊ တခြား မြန်မာ့ရေးရာ ကျွမ်းကျင်သူတွေကို ဖိုရမ်ကို တက်ရောက်ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အဆိုတော် ဘိုနိုကို ရင်းနှီးပြီးသားပါလို့ ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက်တွေကို ပြောပါတယ်

ပညာရှင်တွေနဲ့ ဆွေးနွေးပြောဆိုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဆွေးနွေးမှုတွေ အခုအချိန်အထိ မရှိခဲ့သေးဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးမှုတွေဟာ တကယ့် နိုင်ငံရေး ဆွေးနွေးမှုတွေ မဟုတ်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီသတင်းထောက်ရဲ့ အမေးကို ဖြေကြားသွားပါတယ်။

တကယ့်နိုင်ငံရေး ဆွေးနွေးမှုဆိုတာ တိုင်းရင်းသားတွေ အပါအဝင် သက်ဆိုင်သူ အားလုံး စားပွဲဝိုင်းမှာ ထိုင်ပြီး ဆွေးနွေးမှာသာ တကယ့်နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မယ်လို့ သူကပြောပါတယ်။

အောင်ဆန်းစုကြည်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သိပ်ပြီး အလောသုံးဆယ် ဆုံးဖြတ် လုပ်ဆောင်တာတွေ မလုပ်ကြဖို့ အကြံပြု ဆွေးနွေးသွားပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်မယ့်သူတွေ အနေနဲ့လည်း မြန်မာလူထု အကျိုးကို ကြည့်ဖို့ ဆွေးနွေး သွားခဲ့ပါတယ်။

ဒါ့အပြင် ဆီးရီးယားအရေးနဲ့ အာဖရိတိုက် အရေးတွေ ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ ကြပါတယ်။

ဆွေးနွေးပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းထောက်တွေနဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး၊ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကိုလည်း ဖြေကြားသွားခဲ့ပါတယ်။

ဖိုရမ်ကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘာကျော် အဆိုတော် ဘိုနိုတို့ကို နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးက ခရီးဦး ကြိုဆိုခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ