အိန္ဒိယက ရခိုင်၊ကရင် အကျဉ်းသားဟောင်းတွေ နယ်သာလန်ကို ထွက်ခွာ

  • 18 ဇွန် 2012
ဓာတ်ပုံ မူပိုင် bbc
Image caption ၂၀၁၁ ခုနှစ် မေလတုန်းက ကာလကတ္တား အကျဉ်းထောင် ကနေ လွတ်လာစဉ်

ကာလကတ္တား ထောင်နဲ့ အက်ဒမန်ကျွန်းက Port Blair အကျဉ်းထောင်တွေမှာ ၁၃ နှစ်ကျော် အကျဉ်းချခံခဲ့ရတဲ့ ရခိုင်နဲ့ ကရင် တော်လှန်ရေးသမား တချို့ဟာ နယ်သာလန် နိုင်ငံကို အခြေချနေထိုင်ဖို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

သူတို့ဟာ စစ်အစိုးရကိုလက်နက်ကိုင် တော်လှန်တဲ့ ရခိုင် အမျိုးသား ညီညွတ်ရေးပါတီနဲ့ ကရင် အမျိုးသား အစည်းအရုံး KNUအဖွဲ့၀င်တွေ ဖြစ်ကြပြီး ၁၉၉၈ ခုနှစ်တုန်းက စခန်းသစ် ရမယ်ဆိုတဲ့ အိန္ဒိယ ထောက်လှမ်းရေးရဲ့ ကမ်းလှမ်းချက်အရ အိန္ဒိယပိုင် အက်ဒမန်နဲ့ နီကိုဘာ ကျွန်းစုတွေဆီ ရောက်လာခဲ့ကြရာကနေ အိန္ဒိယ အစိုးရရဲ့ ဖမ်းဆီး ထောင်ချ ခံခဲ့ကြတာပါ။

၂၀၁၁ခုနှစ် မေလကမှ ကာလကတ္တားထောင်ကနေ လွတ်မြောက်လာခဲ့တဲ့ အဲဒီလူ ၃၄ယောက်ထဲက ၃၁ယောက်ဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးရဲ့ အစီအစဉ်နဲ့ နယ်သာလန် နိုင်ငံမှာ အခြေတကျ နေထိုင်ဖို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။

အဲဒီထဲက တဦးဖြစ်တဲ့ ကေအန်ယူအဖွဲ့၀င် ဦးဖိုးချိုက သူတို့ ထောင်က လွတ်မြောက်လာတုန်းက ၃၄ ယောက်ဖြစ်ပေမယ့် ဒီနှစ်ဖေဖေါ်ဝါရီလက ရခိုင်ရဲဘော်တယောက်ဟာ နှလုံးရောဂါနဲ့ ဆုံးပါးသွားပြီး ၂ယောက်ကတော့ နယ်သာလန်နိုင်ငံက လက်မခံခဲ့ဘူးလို့ ဘီဘီစီကို ပြောပြပါတယ်။

ရခိုင်တော်လှန်ရေးသမား ကိုဓညလင်းကတော့ ခုခရီးစဉ်မှာ လူစုံတက်စုံ မပါတဲ့အတွက် ၀မ်းသာ၀မ်းနည်း ဖြစ်ရပါတယ်လို့ ပြောပါတယ်။

သူတို့ အဖွဲ့တွေ အဖမ်းခံရတုန်းက ခေါင်းဆောင် ၆ယောက်ကို အိန္ဒိယ ထောက်လှမ်းရေး က သတ်ပစ်လိုက်ပြီး ကျန်တဲ့ ၃၆ ယောက်ထဲက ၂ယောက် ကတော့ ပင်လယ်ပြင် ဖြတ်ပြီး ထွက်ပြေး သွားတာမို့ ဒီနေ့ထိ သေသလား ရှင်သလား ဆိုတာ စုံစမ်းလို့ မရခဲ့ဘူးလို့ ပြောပါတယ်။

ကျန်တဲ့သူတွေကိုတော့ ရုံးတင်စစ်ဆေးခြင်းမလုပ်ဘဲ အက်ဒမန်ကျွန်းက Port Blairထောင်မှာ ဖမ်းဆီးထားခဲ့ရာက လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ ၂၀၀၆ ခုနှစ်မှာမှ ကာလကတ္တားထောင်ကို ပြောင်းပြီး ရုံးတင်စစ်ဆေးခဲ့တာပါ။

၂၀၁၀ ဇူလိုင် ၁၂မှာတော့ သူတို့ ၃၄ယောက်ကို ထောင်ဒဏ် ၁၅လနဲ့ ငွေဒဏ် ရူပီး ၆ထောင်စီ ချမှတ်လိုက်တော့ လွက်ရက်စေ့လို့ လွှတ်ပေးရမှာမှန်ပေမယ့် ထောင်ပြင်ပမှာ နေထိုင်ခွင့် မရှိဘူးဆိုပြီး ကာလကတ္တားထောင်မှာ ဆက်နေခဲ့ရပါတယ်။

အဲဒီနောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCRရဲ့အကူအညီနဲ့ ၂၀၁၁ မေလ ၁၉ ရက်က လွတ်မြောက်ခဲ့ပြီးနောက် ခုလို နယ်သာလန်နိုင်ငံကို အတည်တကျနေထိုင်ခွင့်ရသွားတာဖြစ်ပါတယ်။