သမ္မတရဲ့ စီးပွားရေး ရည်မှန်းချက်တွေ ကြီးမားလွန်း နေလား

  • 19 ဇွန် 2012
Burmese President U Thein Sein ဓာတ်ပုံ မူပိုင် president website
Image caption ပြည်ထောင်စု နဲ့ တိုင်းနဲ့ ပြည်နယ် အဆင့် တာဝန် ရှိသူ တွေကို သမ္မတ မိန့်ခွန်း ပြောခဲ့

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် ဖွံ့ဖြိုးရေး အတွက် ပြုပြင် ပြောင်းလဲရေး ဆောင်ရွက် သွားမယ့် လုပ်ငန်းစဉ် တွေနဲ့ ပတ်သက်လို့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ အစိုးရ ဝန်ကြီးတွေကို အင်္ဂါ နေ့က မိန့်ခွန်း ပြောခဲ့ ရာမှာ အဓိကအားဖြင့် အပိုင်း ၄ပိုင်း ခွဲပြီး ပြောသွား ပါတယ်။

စီးပွားရေး တိုးတက်မှုကို ၅ နှစ် အတွင်း ၃ ဆ တိုးအောင် ကြိုးစားဖို့ ရည်မှန်း ထားရာမှာ ပျမ်းမျှ တဦးကျ GDP စုစုပေါင်း ပြည်တွင်း ထုတ်ကုန်ကို အခြေခံ နှစ်ထက် ၃ ဆ တိုးအောင် ဆောင်ရွက် သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

တခါ နိုင်ငံပိုင် အခန်းကဏ္ဍကို လျှော့ပြီး ပုဂ္ဂလိကပိုင် အခန်း ကဏ္ဍကို ပြောင်းလဲ ဆောင်ရွက်တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး (Privatization) ကို ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပုဂ္ဂလိကပိုင် ပြောင်းလဲ ဆောင်ရွက်မယ့် အခန်း ကဏ္ဍတွေနဲ့ ပတ်သက်လို့ နိုင်ငံပိုင် အချိုးအစား များနေတဲ့ ဆက်သွယ်ရေး၊ လျှပ်စစ်၊ စွမ်းအင်၊ သစ်တော၊ ပညာရေး၊ကျန်းမာရေး၊ ငွေရေးကြေးရေး စတဲ့ ကဏ္ဍတွေကို တခုချင်း လေ့လာ သုံးသပ်ပြီး ပုဂ္ဂလိကပိုင် အချိုးအစားကို ပိုင်ဆိုင်မှု တချို့ ကူးပြောင်း ပေးသွားမယ်လို့ ဆိုပါတယ်။

တခါ နိုင်ငံ တကာ အထောက် အပံ့ အကူ အညီတွေကို ထိရောက်စွာ ရယူ အသုံးပြုပြီး စီမံ ခန့်ခွဲ အကောင် အထည်ဖေါ် ဆောင်ရွက် သွားမယ် လို့ လည်း သူက ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့တော့ သမ္မတ ဦးသိန်းစိန်က ရင်းနှီး မြုပ်နှံမှု စီမံကိန်း တွေကိုဆောင်ရွက် ရာမှာ ကြုံတွေ့ရတဲ့ မြေ အသုံးချမှု၊ မြေ ကစားမှု စတဲ့ မြေယာ ပြဿနာ တွေနဲ့ ပတ်သက်လို့ မြေယာစနစ် ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ လည်း ဦးသိန်းစိန်က ထောက်ပြ ပါတယ်။

လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က အစိုးရ အနေနဲ့ ပြည်တွင်း ပြည်ပနဲ့ ဆက်သွယ်ပြီး လျှပ်စစ် ဓါတ်အား ဖြည့်ဆည်း ပေးမယ့် လတ်တလော အစီအစဉ်တွေကို အမြန် စီမံ ဆောင်ရွက် ခဲ့ကြောင်းနဲ့ ရေတို ရေရှည် စီမံကိန်းတွေ အတွက် မူဝါဒတွေ ချမှတ် ရေးဆွဲ ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

မြန်မာ့ ဓန စီးပွားရေး မဂ္ဂဇင်းနဲ့ အိုးပင်း နယူးစ် ဂျာနယ် တို့ရဲ့ အယ်ဒီတာချုပ် ဦးသီဟစော ကတော့ သမ္မတ မိန့်ခွန်းထဲမှာ ပါသလို ပျမ်းမျှ တဦးချင်း ဝင်ငွေ ၃ဆ တိုးအောင် လုပ်ဖို့ ဆိုတဲ့ နေရာမှာ နိုင်ငံကို လာရောက် ရင်းနှီး မြှုပ်နှံမှုတွေ အားလုံးကို ထည့်တွက် လိုက်မယ် ဆိုရင်တော့ ဖြစ်နိုင်ချေ ရှိတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ