အောက်စဖို့ ဂုဏ်ထူးဆောင် ဘွဲ့ ဒေါ်စု လက်ခံရယူ

  • 20 ဇွန် 2012
Aung San Suu Kyi ဓာတ်ပုံ မူပိုင် Reuters
Image caption ဘွဲ့နှင်း သဘင် အခမ်း အနား မှာ ဒေါ်အောင်ဆန်း စုကြည်က စကားပြောခဲ့

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၃ ခုနှစ် တုန်းက အောက်စဖို့ တက္ကသိုလ်က သူ့ကို ချီးမြှင့်ခဲ့တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို Sheldonian Theatre ဘွဲ့နှင်းသဘင် ခန်းမမှာ တက်ရောက် လက်ခံ ယူခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို "ဦးမညွှတ်တဲ့ လွတ်မြောက်ရေး သူရဲကောင်း၊ ကိုယ့်ပြည်သူ တွေကိုရော ကမ္ဘာ့ပြည်သူတွေကိုပါ သတ္တိနဲ့ ရဲဝံ့စွန့်စားမှု ဥပမာပေးဆောင်သူ ဖြစ်တယ်" လို့ တက္ကသိုလ်ရဲ့ အဓိပတိ ခရစ်စ်ပက်တန် ကချီးကျူးစကား ပြောရင်း ဘွဲ့အပ်နှင်း ခဲ့ပါတယ်။

သူပညာသင်ခဲ့တဲ့ St Hugh's College ကို တခါပြန် ခြေချခွင့် ရခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည် ကတော့ အောက်စဖို့ တက္ကသိုလ်က ကျောင်းသူ ကျောင်းသား တွေကို ကြည့်ပြီး မြန်မာ နိုင်ငံမှာ ကျောင်းသူ ကျောင်းသားတွေ အတွက် သူမကြာ ခဏ စိတ်မကောင်း ဖြစ်ရတဲ့ အကြောင်းကို ပြောပြ ခဲ့ပါတယ်။

"ကျောင်းသား တွေကို ထိန်းလို့ ရနိုင်တယ် လို့ ထင်ပြီး လုပ်ခဲ့တာတွေကြောင့် တက္ကသိုလ်ကျောင်းသား ဘဝ ဆိုတာကို ဖျက်ဆီးခံ ခဲ့ရတယ်" လို့ ဒေါ်အောင်ဆန်းစုကြည် ကဆိုရင်း လူငယ်တွေအတွက် တက္ကသိုလ် ဝန်းကျင်မှာ လွတ်လပ်တဲ့ သူတို့ကိုယ်ပိုင် ကမ္ဘာ ကိုတည်ဆောက် ခွင့်ရှိ တယ်လို့ ပြောခဲ့ပါတယ်။

အောက်စဖို့ တက္ကသိုလ်က လူသားတွေကို တန်ဖိုးထားဖို့ အတွက် သူ့ကို သင်ပေးလိုက်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပြီး သူ ပညာသင် ခဲ့စဉ်တုန်းက နိုင်ငံ အသီးသီးက ကျောင်းသားတွေ နဲ့ အတူ ဆုံခဲ့ရတာကို အခြေခံပြီး ဒီတက္ကသိုလ်မှာ လူမျိုးရေး အဆင့်အတန်း ခွဲခြားမှု၊ ပညာအရည် အချင်း အပေါ်မူတည်ပြီး ခွဲခြားမှု မျိုးတွေမရှိ ဘူးလို့ ဆိုပါတယ်။

အခုအခါ ကမ္ဘာကျော် ခေါင်းဆောင် တဦး ဖြစ်နေတဲ့ အောက်စဖို့ တက္ကသိုလ် St Hugh's College ရဲ့ကျောင်းသူ ဟောင်း ဒေါ်အောင်ဆန်းစုကြည် စကားပြောပြီးတဲ့ အခါမှာ တက်ရောက် လာတဲ့ ပရိတ်သတ်က မတ်တပ်ရပ် လက်ခုပ်သြဘာတွေ တီးပြီး အားပေးခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ