ကချင် ဒုက္ခသည် စခန်းက လူတွေကို အစိုးရက ဖမ်းခေါ်သွားနေ

  • 20 ဇွန် 2012
Kachin Refugees
Image caption ဒုက္ခသည် ဖြစ်နေရတဲ့ ဘဝမှာ ဖမ်းဆီး ခံရမှာလည်း စိုးရိမ်နေကြ

စစ်ပြေး ဒုက္ခသည်တွေ ရှိနေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက ဒုက္ခသည် စခန်း နှစ်ခု အတွင်းကို သက်ဆိုင်ရာက လာရောက်ပြီး ကချင် လွတ်လပ်ရေး တပ်မတော်နဲ့ ဆက်သွယ် တယ် ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ဒုက္ခသည် တွေကို ဖမ်းဆီးမှုတွေ ရှိခဲ့ ပါတယ်။

ဒုက္ခသည် စခန်းက လူတွေကို ကေအိုင်အေနဲ့ အဆက် အသွယ်ရှိတယ်၊ ဖောက်ခွဲမှုတွေနဲ့ ပတ်သက်တယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ဖမ်းဆီးတာတွေ ရှိပြီး ဘယ်မှာ ဖမ်းထားတယ် ဆိုတာ မသိရဘူးလို့ မြစ်ကြီးနား မြို့ခံ ရှေ့နေ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

နောက်ဆုံး ဖြစ်ရပ် တစ်ခုမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က မြစ်ကြီးနား မြို့မှာ ရှိတဲ့ နှစ်ချင်း ခရစ်ယာန် အသင်းတော် တစ်ခု အတွင်းက ဒုက္ခသည် စခန်း အတွင်း အထိ စစ်ဘက် ရေးရာ လုံခြုံရေး အဖွဲ့(စရဖ)နဲ့ ရဲတွေ လာရောက်ပြီး ဦးလထော် ဘရန်ရှောင် ဆို တဲ့ ကချင် အမျိုးသားကို ဖမ်းဆီး သွားခဲ့တယ်၊ သူ့ကို ဖောက်ခွဲမှု ပုဒ်မနဲ့ မသင်္ကာလို့ ဆိုပြီး လာဖမ်း သွားတာ လို့လည်း အဲဒီ မြို့ခံ ရှေ့နေက ပြောပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ မေလ ၃ဝ ရက်နေ့ ကလည်း မြစ်ကြီးနား မြို့ပေါ် ကက်သလစ် ဘုရားကျောင်းက ဒုက္ခသည် စခန်း တခု အတွင်းက ဦးမနန်တူး ဆိုသူ ကချင် အမျိုးသား တစ်ယောက် ကိုလည်း သက်ဆိုင်ရာက လာရောက် ဖမ်းဆီးသွား ခဲ့တယ် လို့လည်း မြစ်ကြီးနား မြို့ခံ ရှေ့နေက ပြောပါတယ်။

သူတို့ကို ဘယ်မှာ ဖမ်းဆီး ထားတယ် ဆိုတာ သက်ဆိုင်ရာ မိသားစုက လိုက်လံ စုံစမ်း ပေမဲ့ မသိရသေးဘူး သူက ဆိုပါတယ်။

ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေနဲ့ မြန်မာ အစိုးရ စစ်တပ်ကြား တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့ တဲ့ မနှစ်က ဇွန်လ ၉ ရက်နေ့ ကနေ အခုချိန်ထိ မတရား အသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ အရ ဖမ်းဆီး ခံထားရသူ ၃၀ နဲ့ အထက်မှာ ရှိပြီး ဖောက်ခွဲမှု ပုဒ်မနဲ့ ဖမ်းဆီး ခံထားရသူ တွေက မြစ်ကြီးနား မှာတင် ၁၀ ယောက် အထက်မှာ ရှိတယ်လို့ စောစောက ရှေ့နေက ပြောပါတယ်။

အဲဒီထဲက အဆက် အသွယ် မရဘဲ ပျောက်ဆုံး နေသူ လူ၂၀ လောက် ရှိတယ် လို့လည်း အဲဒီ ရှေ့နေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ